ရိုးရာ ဓားပလိုင်း၊ လက်နက် ကိုင်ဆောင်ခွင့်ပိတ်သင့်လာ

ရိုးရာ ဓားပလိုင်း၊ လက်နက် ကိုင်ဆောင်ခွင့်ပိတ်သင့်လာ

အယ်ဒီတာ့အာဘော်

မြန်မာပြည်ဟာ လူမျိုးစုံ၊ ယဉ်ကျေးမှုဓလေ့အစုံရှိတဲ့ နိုင်ငံဖြစ်သလို ပထဝီအနေအထားအရ မြေပြန့်ရှိသလို၊ တောင်တန်းလည်းရှိပါတယ်။ လူမျိုးနဲ့ နေရာဒေသ မတူညီတာကြောင့် မိမိတို့ တန်ဖိုးထားတဲ့အရာတွေလည်းမတူညီကြသလို ယဉ်ကျေးမှုဓလေ့တွေလည်း ကွဲပြားကြပါတယ်။ လူမျိုးတိုင်းက မိမိတို့ ယဉ်ကျေးမှုနဲ့ ရိုးရာကို အမြတ်တနိုးတန်ဖိုးထားကြပါတယ်။ ခေတ်နဲ့ လျှော်ညီသော ယဉ်ကျေးမှု ဓလေ့တွေ ပြုစုပျိုးထောင်ပြီး ဖွံ့ဖြိုးဖို့လုပ်ဆောင်ရမှာဖြစ်သလို ခေတ်နဲ့ မကိုက်ညီတော့တဲ့ ယဉ်ကျေးမှု ဓလေ့တွေ ထားရစ်နိုင်ဖို့လည်းလိုပါတယ်။

ချင်းပြည်နယ်ထဲတွင် မင်းတပ် နဲ့ ကန်ပက်လက်မြို့နယ်မှာ နေထိုင်တဲ့ ချင်းအမျိုးသားတွေဟာ တခြား ဒေသမှာရှိတဲ့ ချင်းအမျိုးသားတွေထက် ထူးခြားတာက သူတို့သွားလေရာမှာ ဓား ပလိုင်း၊ သို့မဟုတ် လေးမြားတွေကိုင်ဆောင်ပြီးသွားလာနေကြတာ ရှေးဘိုးဘွားခေတ်ကနေ အခုထိပါပဲ။ ဒီလို ဓားပလိုင်း ကိုင်ဆောင်တာဟာ ကိုယ့်ဘာသာကာကွယ်ဖို့၊ သူတစ်ပါးကို ရန်ရှာဖို့ဆိုတာထက် ဒီဓားပလိုင်းနဲ့ပဲ တောင်ယာခုတ်ပြီး မိသားစု ဝမ်းစာရှာဖွေကြတာပါ။ ပြီးတော့ သားယောကျ်ားလေးမွေးမွေးချင်း အဖိုးတွေက မြေးလေးလွယ်ဖို့ ဓားပလိုင်းလုပ်ပေးကြပါတယ်။ ဆိုလိုတာက ဓားပလိုင်းလွယ်တယ်ဆိုတာ အမျိုးသားတွေရဲ့ အမှတ်အသားဖြစ်သလို ယောကျ်ားပီသမှုကိုလည်း ဆောင်ပါတယ်။ အမျိုးသားတွေဟာ ဘုရားကျောင်းသွားတဲ့ချိန်မှာလည်း ဓားပလိုင်းလွယ်ပြီး ဘုရားကျောင်းဝင်ပေါက်မှာ ထားခဲ့ကြတယ်။

ဒါပေမယ့် ဓား ပလိုင်း၊ လက်နက်ကိုင်ဆောင်တာက ရန်ပွဲတွေဖြစ်ပေါ်စေတယ်၊ မလုံခြုံဘူးလို့ဆိုကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့ကစပြီး မင်းတပ်မြို့အတွင်း ဓား၊လှံ၊ လေး၊မြှား၊ တူမီးသေနတ် ကိုင်ဆောင်ခွင့် ပိတ်ပင်ထားတယ်လို့ ယင်းနေ့မှာ မြို့နယ်အာဏာပိုင်တွေကထုတ်ပြန်တာကြောင့် မြို့ထဲကနေတောင်ယာခုတ်ဖို့သွားတဲ့သူတွေလည်း မြို့အထွက်မှာ ဖမ်းဆီးတာတွေလည်းရှိပါတယ်။

ပြီးတော့ ကန်ပက်လက်မြို့မှာလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာ (၁၄) ရက်ကစပြီး မြို့တွင်း ဓား ပလိုင်း၊ လှံ၊ လေးမြှား၊ သေနတ်ကိုင်ဆောင်သူတွေ ဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့ မြို့နယ် စီ၊ခန့်ကော်မတီကထုတ်ပြန်ပါတယ်။ ဒီလိုထုတ်ပြန်တာကြောင့် ဒေသခံတွေရဲ့ ဝေဖန်မှုများထွက်ပေါ်လာပါတယ်။

လက်ရှိ ကန်ပက်လက်မြို့နယ်မှာ ၁၈ နှစ်ပြည့်ပြီး ကျား၊မ လူငယ် ၁၄၀၀၀ ကျော်ရှိပါတယ်။ ကန်ပက်လက်မြို့နယ်မှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် သြဂုတ်လ ထိ သေနတ်ကြောင့်ဖြစ်တဲ့ အမှု ၁ ကြိမ်စီသာဖြစ်ပွားခဲ့ပါတယ်။ ဓားထိုးမှုက ၂၀၁၅ ခုနှစ်တွင် ဓားထိုးမှု ၄ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ဓားထိုးမှု ၁ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ဓားထိုးမှု ၂ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ဓားထိုးမှု ၈ ကြိမ်၊ ၂၀၁၉ ခုနှစ် သြဂုတ်လထိ ဓားထိုးမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဒီအမှုတွေကိုကြည့်ခြင်းအားဖြစ် ဓား၊ လက်နက်တွေကိုင်ဆောင်ခွင့်မရှိတဲ့ မြို့ကြီးပြကြီးမှာ နေ့တိုင်းရာဇဝတ်မှုဖြစ်နေတာနဲ့ နှိုင်းယှဉ်ရင် ဓား ပလိုင်း၊ လက်နက် ကိုင်ဆောင်ခွင့်ပြုခြင်း၊ မပြုခြင်းပေါ်မသက်ဆိုင်ပဲ လူတွေအပေါ်မှာသာမူတည်နေပါတယ်။ ဒါကြောင့် ဓားပလိုင်းကိုင်ဆောင်ပြီး ညမှာ မူးရူးရမ်းကားနေတဲ့ လူငယ်တွေရှိရင်လည်း ဖမ်းဆီးအရေးယူပေးပါ။ ဆိုင်ကယ်ခိုးတဲ့သူတွေကိုလည်း ဖမ်းဆီးအရေးယူပေးပါ။

တကယ်ဆို အခုလို သူများနဲ့မတူတဲ့ ကွဲပြားမှုကိုအသိအမှတ်တဲ့အနေနဲ့ ဓားပလိုင်း၊ လက်နက် ကိုင်ဆောင်ခွင့် ပြုသင့်၊ မပြုသင့်ကို ပြည်သူတွေကြားမှာ အကြေအလည်ဆွေးနွေးစေပြီး ဆိုးကျိုး၊ ကောင်းကျိုးတွေသုံးသပ်ခိုင်းပြီး ပတ်ဝန်းကျင်အတွက်မကောင်းဘူးဆိုရင် တဖြည်းဖြည်းကွယ်ပျောက်အောင်လုပ်ဖို့လိုပါမယ်။မဟုတ်ဘဲ အမိန့်နဲ့ ပိတ်ပင်တာမျိုးက ဒေသခံလူတွေရဲ့ သဘောထားနဲ့ ရိုးရာဓလေ့ကို မထင်မဲ့မြင်ရာကျသလို ဒေသခံတွေစိတ်ထဲတွင် အစော်ကားခံရသလိုခံစားနိုင်ပါတယ်။

ပြီးတော့ ခုချိန်မှာ ပြည်နယ်အစိုးရကလည်း ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာဖို့ လှုံ့ဆော်နေတဲ့ကာလဖြစ်ပါတယ်။ အထူးသဖြင့် ချင်းပြည်နယ်မှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေအများဆုံးဝင်ရောက်လာတဲ့နေရာကတော့ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ခေါ်နူစုမ်အမျိုးသားဥယျာဉ်ရှိသလို ဒေသခံတွေရဲ့ ရှေးရိုးမပျက် နေထိုင်မှု၊ ရိုးရာဓလေ့တွေ၊ ပါးရဲထိုးတဲ့ချင်းအမျိုးသမီးတွေ၊ တောတောင်သဘာဝ တိရိစ္ဆာန်တွေကြည့်ရှုလေ့လာချင်လို့ဖြစ်ပါတယ်။ ဒါကြောင့် ဓား ပလိုင်ကိုင်ဆောင်ခြင်းဟာ တခြားဒေသနဲ့မတူတဲ့ ဒီဒေသရဲ့ထူးခြားချက်တစ်ခုဖြစ်သလို ဆက်လက်ထိန်းသိမ်းသင့်ပြီး ဓားပလိုင်းတွေကို ခရီးသွားဧည့်သည်တွေ ဝယ်ချင်အောင် စီမံနိုင်ရင် ဒေသရဲ့ အလုပ်အကိုင်နဲ့ စားဝတ်နေရေးအတွက် ပိုမို အထောက်အကူဖြစ်စေမယ်လို့ယူဆပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်