အမေရိကန်က အီရန်ကို တိုက်ခိုက်ပြီးနောက် ရေနံဈေးမြင့်တက်၊စွမ်းအင်ဈေးကွက် စိုးရိမ်မှုမြင့်တက်လာ

ဇူလိုင် ၈၊ ၂၀၂၆
Zalen

အမေရိကန်က အီရန်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာပြီး၊ ကမ္ဘာ့စွမ်းအင်ဈေးကွက်မှာလည်း စိုးရိမ်မှုတွေ ထပ်မံမြင့်တက်လာပါတယ်။

နိုင်ငံတကာ ရေနံဈေးနှုန်း အညွှန်းကိန်းဖြစ်တဲ့ Brent Crude ဟာ ဇူလိုင် ၈ ရက်နေ့မှာ ၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး၊ တစ်စည်ကို အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄၈ အထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ဇွန်လ ၂၃ ရက်နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်ပါတယ်။

Zalen ad

အီရန်နဲ့ အစ္စရေးအကြား တင်းမာမှုတွေ လျော့ကျလာချိန်မှာ ရေနံဈေးတွေ စစ်မဖြစ်ခင် အခြေအနေနီးပါးအထိ ပြန်ကျခဲ့ပေမယ့်၊ အခုနောက်ဆုံး အမေရိကန်ရဲ့ စစ်ရေးအရေးယူမှုကြောင့် ဈေးနှုန်းတွေ ပြန်တက်လာတာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ဟော်မုဇ်ရေလက်ကြား အတွင်း ကုန်တင်သင်္ဘော သုံးစင်း တိုက်ခိုက်ခံရပြီးနောက် အီရန်ကို လေကြောင်းတိုက်ခိုက်မှု စတင်လုပ်ဆောင်ခဲ့သလို၊ အီရန်ရေနံအပေါ် ယာယီဒဏ်ခတ်အရေးယူမှု ကင်းလွတ်ခွင့်ကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

အမေရိကန်၊ ကာတာနဲ့ ဆော်ဒီအာရေဗျတို့ကတော့ အဆိုပါ သင်္ဘောတိုက်ခိုက်မှုတွေအတွက် အီရန်မှာ တာဝန်ရှိတယ်လို့ စွပ်စွဲထားပါတယ်။ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ကလည်း နိုင်ငံတကာ ရေကြောင်းလမ်းမှာ အရပ်သားတွေ လိုက်ပါလာတဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် အီရန်ကို ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေဖို့ အင်အားပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အီရန်ကတော့ သင်္ဘောတိုက်ခိုက်မှုတွေအတွက် တိုက်ရိုက်တာဝန်ယူကြောင်း မပြောထားပေမယ့်၊ မိမိတို့ ခွင့်မပြုတဲ့ လမ်းကြောင်းကနေ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းလာတဲ့ သင်္ဘောတွေကို အကြိမ်ကြိမ် သတိပေးထားပါတယ်။

အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီကလည်း အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှု ကင်းလွတ်ခွင့် ရုပ်သိမ်းလိုက်တာဟာ နှစ်နိုင်ငံ သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ပြောဆိုပြီး၊ အီရန်ရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ သတိပေးခဲ့ပါတယ်။

စွမ်းအင်ဈေးကွက် လေ့လာသုံးသပ်သူတွေကတော့ ဟော်မုဇ်ရေလက်ကြားမှာ တင်းမာမှုတွေ ဆက်ရှိနေသရွေ့ ရေနံဈေးနှုန်းတွေ မြင့်မားနေနိုင်တယ်လို့ သုံးသပ်နေပါတယ်။ အီရန်က ရေလက်ကြားအပေါ် ထိန်းချုပ်မှုကို ပိုမိုအားကောင်းအောင် ကြိုးပမ်းလာနိုင်ပြီး၊ အဲဒီအခြေအနေက ကမ္ဘာ့ရေနံတင်ပို့မှုကို လပေါင်းများစွာ ထိခိုက်စေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ အရေးအကြီးဆုံး ရေကြောင်းလမ်းတစ်ခုဖြစ်တာကြောင့် အဲဒီဒေသမှာ တင်းမာမှုမြင့်တက်တိုင်း ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ စွမ်းအင်ဈေးကွက်အပေါ် တိုက်ရိုက် သက်ရောက်မှုရှိလေ့ရှိပါတယ်။

ကိုးကား – ALjAZEERA
သတင်း – Mickey

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးကြီးမည်

ဇူလိုင် ၈၊ ၂၀၂၆Zalen ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ တိုင်းနဲ့ပြည်နယ် တချို့မှာ လာမယ့် ဇူလိုင်လ ၉ ရက်နေ့ကနေ ၁၆ ရက်နေ့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ...

ဆက်ဖတ်ရန်