ကလေးမြို့နယ်တောင်ပိုင်း၊ မြောက်စည်းရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်ရရှိ

၄ နိုဝင်ဘာ၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းကျေးရွာရဲစခန်းကို ဒီကနေ့ နိုဝင်ဘာ ၄ရက်နေ့မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေစီ ကသတင်းရရှိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ၄င်းတို့လက်ဝေခံပျူစောထီးတပ်တွေဟာ ဘန်ကာအထပ်ထပ်နဲ့ မြောက်စည်းရဲစခန်းခံစစ်ကို အခိုင်အမာတည်ဆောက်ထားတာဖြစ်ပြီး CNDF , PDF Kalay , RKDF , CDF-KKG , ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကလေး ပကဖ) စတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိဝင်ဘာ ၃ရက်နေ့ နံနက်ပိုင်းကနေစတင် ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၄ရက်နေ့နံနက်ပိုင်းမှာ စခန်းကိုသိမ်းပိုက်ရရှိခဲ့တာလို့သိရပါတယ်။

“မြောက်စည်းစခန်းမှာ စကစနဲ့ပျူစောထီးအားလုံးပေါင်း အင်အား ၅၀ကျော်ရှိပါတယ်။ စခန်းကိုသိမ်းပိုက်ပြီးတဲ့အချိန်မှာ စကစအလောင်း၁၀လောင်းကို ကျွန်တော်တို့ ရဲဘော်တွေကပဲ မီးရှို့သဂြိုလ်ဖို့စီစဥ်ပေးခဲ့ပါတယ်။ ကျန်တဲ့လူတွေကတော့ အကုန်ထွက်ပြေးသွားတာမနည်းဘူး။ သူတို့ရဲ့လက်နက်ခဲယမ်းတွေကိုသိမ်းဆည်းပြီး စခန်းကိုမီးရှို့ပြီး ပြန်ဆုတ်ခွာခဲ့ပါတယ်။” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ CNDF က ရဲဘော် ဆလိုင်းကျုံးသဲ (၁၉နှစ်) အပါအဝင် RKDF က တပ်ဖွဲ့ဝင်၂ဦးကျဆုံးခဲ့ပြီး
ကလေးခရိုင် ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်၂ဦး မစိုးရိမ်ရ ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ကလေးမြိုနယ်၊ တောင်ပိုင်းနဲ့မြောက်ပိုင်းတွေမှာ အထိုင်ချထားတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကို နိုဝင်ဘာ ၃ရက်နေ့ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေက တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးမြို့နယ်၊မြောက်ပိုင်း ရာဇဂြိုလ် ရဲဘက်စခန်း ရာ-၂ ကိုလည်း နိုဝင်ဘာ၃ရက်နေ့မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးဒေသတဝိုက်မှာ လက်တလောစစ်ရေးတင်းမာနေတဲ့အတွက် ကလေးမြို့ထဲမှာလည်း စစ်ကောင်စီတပ်တွေက
လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးရေးတင်းကြပ်နေပြီး လက်နက်ကြီးသံတွေလည်း အမြဲကြားနေရတယ်လို့ ကလေးဒေသခံတွေက ဆိုပါတယ်။

ဒေမီယံ

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်