မတ် ၂၀ ၊၂၀၂၆
Zalen
ကိုးကန့်တပ် Myanmar National Democratic Alliance Army(MNDAA) က တအောင်း Ta’ang National Liberation Army(TNLA) ထိန်းချုပ်ထားတဲ့ကျေးရွာတွေက အမျိုးသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတာရှိတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။
အဆိုပါ MNDAA တပ်ဖွဲ့၀င်တွေဖမ်းဆီးထားတဲ့ အမျိုးသားက ၉ ဦးထက်မနည်း ရှိနေပြီး တစ်ချို့က ပြန်လွတ်လာပေမယ့် တစ်ချို့ကတော့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ မိသားစု၀င်တွေနဲ့လည်း အဆက် အသွယ်မရဖြစ်နေတယ်လို့ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေကတော့ ပန်ဆေးရွာ ၊လွယ်ဆိုင်ရွာ အမျိုးသား တွေဖြစ်ပြီး သူတို့တွေကတော့ ဒီကနေ့အထိ ပြန်မလွတ်လာကြသေးဘူးလို့ သိရပါတယ်။
ဒေသခံအမျိုးသမီးတစ်ဦးက” ပန်ဆေးရွာနဲ့ လွယ်ဆိုင်ရွာကအမျိုးသားတွေကမတ်လ ၁၅ ရက်နေ့ကအဖမ်းခံကြတာ။ လော လောဆယ်တော့ ၉ ယောက်စာရင်းရထားတယ်။ ဘာအတွက်ဖမ်းတယ်ဆိုတာတော့အကြောင်းပြချက်မရှိဘူး။ကိုးကန့်တပ်က ကွက်ခိုင်ကို နေရာတော်တော်များများစစ်ကြောင်းထိုးပြီး ရွာထဲပိတ်မိတဲ့သူတွေကိုဖမ်းတာ။အမျိုးသမီးတွေဖမ်းတာတော့မရှိဘူး” လို့ Zalen ကိုပြောပါတယ်။
ဆက်ပြီးတော့ အီနိုင်းတံတာမှာလည်း အသွား အလာ အရမ်းတင်းကြပ်ထားသလို နိုင်ငံသားစီစစ်ရေးကတ်ပြားမှာ ပလောင်လူမျိုးလို့ ပါတယ်ဆိုရင် တင်းတင်းကြပ်ကြက် စစ်ဆေးတာတွေရှိတယ်လို့ ဆက်လက်ရှင်းပြပါတယ်။
အဆိုပါ အဖမ်းခံရသူတွေထဲမှာ ပန်ဆေးရွာက
မိုင်းကျော်ဆန်းဝင်း ၂၂ နှစ် ၊ မိုင်းအိုက်မွန်း ၂၀ နှစ် ၊ မိုင်းထွန်းအေး ၃၀ နှစ်ကျော် တို့ဖြစ်ပြီး လွယ်ဆိုင်ရွာက မိုင်းအိုက်ယိုင်ဦး၊ မိုင်းအိုက်ယီ နဲ့ မိုင်းအိုက်ယိုင် လို့သိရသလို တစ်ခြားရွာက အဖမ်းခံထားရတဲ့သူတွေစာရင်းကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီဖမ်းဆီးမှုတွေကလည်း ပြီးခဲ့တဲ့ မတ်လ လလယ်ပိုင်း ၁၄ ၊၁၅ ၊၁၆ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်စဉ်ကာလအတွင်း MNDAA က TNLA ထိန်းချုက်ထားတဲ့ ဒေသတွေမှာ စစ်ကြောင်းထိုးပြီး ဖမ်းဆီးခဲ့တာလို့သိရပါတယ်။
လက်ရှိအချိန်မှာတော့ MNDAA နဲ့ TNLA တို့ နှစ်ဖက် တွေ့ဆုံညှိနှိုင်းမှုတွေရှိနေပြီး တိုက်ပွဲဖြစ်ပွားတာတွေ၊အဖမ်းအဆီးတွေ ထပ်မံ မကြားရသေးဘူးလို့ အဆိုပါဒေသခံအမျိုးသ မီးကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို တော့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၁၀၂၇ စစ်ဆင်ရေးပထမလှိုင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲတာဖြစ်ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကိုတော့ ကိုးကန့်တပ် (MNDAA) က မတ်လ ၁၃ ရက်နေ့ကနေ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
သတင်း – အိုက်နေ

















