မတ် ၂၁၊ ၂၀၂၆
Zalen

မြန်မာနိုင်ငံရဲ့ လောင်စာဆီပြတ်လပ်မှုနဲ့ စက်သုံးဆီ ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဟာ ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှစတင်၍ ပြည်တွင်းခရီးစဉ်အားလုံးကို ယာယီရပ်နားလိုက်ပြီလို့ သိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီအကျပ်အတည်းနဲ့ ပြည်တွင်းမှာ လေယာဉ်ဆီရရှိဖို့ ခက်ခဲနေမှုများကြောင့် လေကြောင်းလိုင်းတွေအနေနဲ့ ခရီးစဉ်များကို လျှော့ချရပ်နားလာရခြင်းဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာ့လေကြောင်းလိုင်းတွေဟာ ပြည်တွင်းမျာ ဆီဖြည့်တင်းရန် ခက်ခဲနေသဖြင့် ပြည်ပနိုင်ငံတွေမှာသာ အဓိကအားထား၍ ဆီဖြည့်နေရတယ်လို့ သိရပါတယ်။
လေယာဉ်ဆီပိုသယ်ဆောင်နိုင်ရန်အတွက် ခရီးသည်တွေရဲ့ ဝန်စည်သယ်ယူခကို ယခင်ပေးနေကျ ၂၀-၃၀ ကီလိုဂရမ်မှ ၁၀ ကီလိုဂရမ်အထိ သိသိသာသာ လျှော့ချကန့်သတ်လိုက်ပါတယ်။
MNA လေကြောင်း လိုင်းဟာ ဘန်ကောက်နဲ့ စင်ကာပူလေဆိပ်တွေမှာ အများဆုံး ၁၀ ကီလိုဂရမ်သာ အပိုဝယ်ယူခွင့်ပြုတော့ပြီး MAI လေကြောင်း လိုင်းဟာ ဝန်စည်အပိုဝယ်ယူခွင့်ကို လုံးဝခွင့်မပြုတော့တာလို့ သိရပါတယ်။
Sky Smile နဲ့ MNACLUB ကဲ့သို့သော Member များအတွက် ပေးထားတဲ့ ဝန်စည်အပိုသယ်ယူခ အထူးအခွင့်အရေးများကိုလည်း ယာယီရပ်ဆိုင်းထားပါတယ်။
လေယာဉ်လက်မှတ်ဈေးနှုန်းမှာလည်း ယခင်ထက် သုံးဆခန့် မြင့်တက်နေပြီး ချင်းမိုင်-ရန်ကုန် တစ်ကြောင်းစာ ခရီးစဉ်အတွက်ပင် ထိုင်းဘတ်ငွေ ၁၄,၀၀၀ ခန့်အထိ ပေးဆောင်နေရပါတယ်။
အရင်က အဆိုပါဈေးနှုန်းဟာ အသွားအပြန် (Round Trip) အမြင့်ဆုံးဈေးနှုန်းသာ ဖြစ်ခဲ့ပါတယ်။
သတင်း-ဆလိုင်း

















