၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်
Zalen
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်အတွင်း ပစ္စည်းပျောက်ဆုံးတာတွေ များပြားလာလို့
ညမထွက် ရအမိန့် ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၇ ရက်နေ့ မှာထုန်ပြန် သတိ ပေးလိုက်ပါတယ်။

မြို့ပေါ်ရှိ ပြည်သူပိုင်ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံရမှုကနေ ကာကွယ်ရန်အတွက် ရည်ရွယ် ပြီး ဒေသန္တရအမိန့် (ညမထွက်ရအမိန့်) တစ်ရပ်ကို ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာမှုအပေါ် ခုခံတွန်းလှန်နေရတဲ့ ကာလအတွင်း မင်းတပ်မြို့ပေါ်ရှိ ဒေသခံပြည်သူအချို့က ဘေးလွတ်ရာ လုံခြုံတဲ့ နေရာ တွေမှာရွှေ့ပြောင်းနေထိုင်ခဲ့ရပြီးအိမ်ရှင်တွေမရှိတဲ့ နေအိမ်တွေမှာ မသမာသူလူတစ်စုက ဝင်ရောက်ဖောက်ထွင်းကာ အဖိုးတန်ပစ္စည်းများ ခိုးယူမှုများ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒါကြောင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြည်သူပိုင်ပစ္စည်းများ ဆုံးရှုံးမှုမရှိစေရန် ညစဉ်လှည့်ကင်းနှင့် ပတ်ကင်းများ ဆောင်ရွက် နေပြီး ည ၉ နာရီအချိန်မှ နံနက် ၅ နာရီအချိန်အတွင်း နေအိမ်ပြင်ပကနေ မထွက်ရဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အများပြည်သူများအနေနဲ့ ညစဉ် မိမိတို့ရဲ့ နေအိမ်နှင့် ပုန်းခိုကျင်း တွေမှာသာ နေထိုင်ကြရန်၊ ခွင့်ပြုချက်မရှိဘဲ အများပြည်သူနှင့် သက်ဆိုင်တဲ့ နေရာ တွေမှာ သွားလာခြင်း မပြုရန်၊ လူစုလူဝေး ပြုလုပ်ခြင်းကို လုံးဝ (လုံးဝ) မပြုလုပ်ရန် သတိပေးထားပါတယ်။
ဒီထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ဟာ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထပ်မံ မထုတ်ပြန်မချင်းအတည်ဖြစ်တယ်လို့လည်း အသိပေး ထားပါတယ်။
သတင်း – မိုးပီအောင်
















