မင်းကင်းအခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် SRF တပ်တော်တို့ မြေပြင်မှာ တွေ့ဆုံညှိ နှိုင်း၊ အချက် ၃ ချက်နဲ့ သဘောတူညီမှုရရှိ

၂၉ ၊ မေ ၊၂၀၂၆

Zalen

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းများအကြား အထင်အမြင်လွဲမှားမှုတွေနဲ့ ပဋိပက္ခ တွေအတွက် မြေပြင်မှာ အရေးပေါ်တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှုတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မင်းကင်းအခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့် SRF တပ်တော်တို့ အကြားက ပဋိပက္ခကိုမြေပြင်မှာ တွေ့ဆုံညှိ နှိုင်းကာအချက် ၃ ချက်နဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ ဒီကနေ့မှာ ပူးတွဲထုပ်ပြန်ခဲ့ကြပါတယ်။

Zalen ad

ဒီဆွေးနွေးမှုကို  မေလ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန်က မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ)၊ ကလေးခရိုင်တပ်ရင်းများ က တာဝန်ရှိသူ‌ တွေ နဲ့ ကျောင်းသား တော်လှန်ရေးတပ်တော် (SRF) ရဲ့ ဥက္ကဋ္ဌ ကိုစံတင်ထွန်း အပါအဝင် ဒုခေါင်းဆောင်၊ နိုင်ငံရေးဌာနတာဝန်ခံတို့က မြို့နယ်အတွင်း မြေပြင်တစ်နေရာ မှာလူကိုယ်တိုင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ မင်းကင်းမြို့နယ်အဖွဲ့များဘက်က လက်ရှိဖမ်းဆီးထိန်းသိမ်းထားတဲ့ SRF ရဲဘော်များအနက် ပြစ်မှုကျူးလွန်ထားခြင်းမရှိသူများကို ပြန်လည်လွှတ်ပေးရန်၊ပြည်သူ တွေရဲ့ အမှုဖွင့်တိုင်ကြားခြင်း ခံထားရတဲ့ SRF ရဲဘော်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ဥပဒေ ဘောင်အတွင်းမှသာ ဖြေရှင်းဆောင်ရွက်သွားရန်၊ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့  SRF ရဲဘော်များအနေနဲ့  NUG အစိုးရရဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စံနှုန်း (COC) အောက်မှာ ဝင်ရောက်ကာ တော်လှန်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားရန် စတဲ့ အချက် ၃ ချက်ကို သဘောတူခဲ့ကြတာလို့ ဆိုပါတယ်။

ဆက်လက်ပြီး လတ်တလော ဖြစ်ပွားခဲ့တဲ့ပဋိပက္ခဟာ SRF တပ်တော်ကို ဖြိုခွဲရန် ရည် ရွယ်ခြင်းမဟုတ်ဘဲ၊ ပြည်သူလူထုရဲ့တိုင်ကြားချက်များအရ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေခြင်းသာဖြစ်တယ်လို့  ထုတ်ပြန် ရှင်းလင်းထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းနှစ်ခုအကြား အက်ကွဲကြောင်း ပိုမိုကြီးထွားလာစေရန် ရည်ရွယ်ချက်နဲ့ လူမှုကွန်ရက်ပေါ်မှာသွေးထိုးလှုံ့ဆော်ရေးသားနေတဲ့ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများရဲ့ ထုတ်ပြန်ချက်များက အဖွဲ့အစည်းနဲ့မသက်ဆိုင်ဘဲ ပြင်ပက‌နေ တစ်ကိုယ်ရေ ထင်မြင်ယူဆချက်များသာ ဖြစ်တယ်လို့သတိပေးထားပါတယ်။

အဲဒီနောက် အဖွဲ့အစည်းနှစ်ခုလုံးက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို နိုင်ငံတော်အစိုးရအဖြစ် ပြတ်ပြတ်သားသား အသိအမှတ်ပြု လက်ခံထားကြောင်းနှင့် ရှေ့ဆက်ပြီး မင်းကင်းမြို့နယ်အတွင်း တော်လှန်ရေးလုပ်ငန်းများကို လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့က ပူးတွဲကတိပြု ထုတ်ပြန်ထားပါတယ်။

သတင်း – အညာသား

ဓာတ်ပုံ- SRF

နောက်ဆုံးရသတင်းများ

မြန်မာခရိုနီ ကိုကိုလတ်ကို အိုက်စလန်က ရာထူးကနေ ဖယ်ရှား၊ ပစ်မှတ်ထားအရေးယူဖို့ JFM တောင်းဆို

မေ ၂၉၊ ၂၀၂၆ Zalen မြန်မာ စစ်ကောင်စီနဲ့ စီးပွားရေး ပတ်သက်မှုတွေ ရှိနေတဲ့ ခရိုနီလုပ်ငန်းရှင် ကိုကိုလတ်ကို အိုက်စလန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ရာထူးကနေ တရားဝင် ရုပ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလုပ်ရပ်အပေါ် ...

ဆက်ဖတ်ရန်