ဇွန် ၁၊ ၂၀၂၆
Zalen
အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်း၊ အားထားရတဲ့ မိတ်ဖက်ဖြစ်သလို ဘေးအန္တရာယ်နဲ့ အရေးကြုံချိန်တိုင်းမှာလည်း အမြဲတမ်း ပထမဆုံး ရှေ့တန်းကနေ ကူညီပံ့ပိုးပေးသူ (First Responder) အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီက ပြောကြားလိုက်ပါတယ်။
ဒီနေ့ ဇွန် ၁ရက်နေ့မှာ အိန္ဒိယဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲခန့်ကစလို့ နယူးဒေလီမြို့မှာရှိတဲ့ ဟိုက်ဒရာဘတ်အိမ်တော် (Hyderabad House) မှာ ပြုလုပ်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးပွဲအတွင်း ဝန်ကြီးချုပ် မိုဒီက အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် မိုဒီက အိန္ဒိယနိုင်ငံရဲ့ ‘အိမ်နီးချင်းပထမ’ ‘အရှေ့မျှော်ဝါဒ’ နဲ့ MAHASAGAR မူဝါဒတွေအတိုင်း မြန်မာနိုင်ငံအပေါ် အရေးကြုံရင် အမြဲတမ်း ပထမဆုံး ကူညီပေးသူအဖြစ် ရပ်တည်သွားမှာဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေးကို ပံ့ပိုးကူညီဖို့ အိန္ဒိယက အသင့်ရှိနေပြီး၊ အိန္ဒိယရဲ့ ဖက်ဒရယ်အုပ်ချုပ်ရေး စနစ်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံတွေကိုပါ မျှဝေပေးသွားမယ်လို့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
သမိုင်းကြောင်းအရရော ပြည်သူအချင်းချင်းပါ ရေရှည်တည်ရှိခဲ့တဲ့ ဆက်ဆံရေး အနှောင်အဖွဲ့တွေကို အခြေခံပြီး ငြိမ်းချမ်းရေး၊ တိုးတက်ရေးနဲ့ ဝပြောရေးတို့အတွက် အိန္ဒိယ-မြန်မာ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြပါတယ်။
အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေး ချိတ်ဆက်မှု၊ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်လုပ်ငန်းတွေ၊ စွမ်းဆောင်ရည်မြှင့်တင်ရေး အပြင် နှစ်နိုင်ငံလုံးအတွက် အရေးကြီးတဲ့ လုံခြုံရေးနဲ့ နယ်စပ်ဒေသ စီမံခန့်ခွဲမှု ကဏ္ဍတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဦးမင်းအောင်လှိုင်ဟာ နေပြည်တော်မှာ သမ္မတရာထူး ရယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ကြားချက်အရ ဒေလီကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ စနေနေ့ကတည်းက ထွက်ခွာလာပြီး ဗုဒ္ဓဂါယာကို အရင်ဆုံး သွားရောက်ခဲ့ကာ၊ မနေ့ တနင်္ဂနွေနေ့တုန်းကလည်း ဒေလီမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးအကြံပေးတို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယခု ဟိုက်ဒရာဘတ်အိမ်တော်က ကဏ္ဍစုံဆွေးနွေးပွဲအပြီးမှာတော့ သတင်းစာရှင်းလင်းပွဲတစ်ရပ် ဆက်လက်ကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။
Mary













