ဇွန်လ ၃၊ ၂၀၂၆
Zalen
အိန္ဒိယနိုင်ငံအတွင်း အရက်တားမြစ်မှု အပြင်းထန်ဆုံး ပြည်နယ်များထဲမှ တစ်ခုအဖြစ် ကာလရှည်ကြာ ရပ်တည်လာခဲ့သော မီဇိုရမ်ပြည်နယ်မှာ အရက်ဆိုင်ရာ ကန့်သတ်ချက်များကို ဖြည်းဖြည်းချင်း လျှော့ပေါ့ပေးတဲ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ZPM ဦးဆောင်သော ပြည်နယ်အစိုးရက ဆေးဘက်ဆိုင်ရာ အကြောင်းပြချက်ဖြင့် အရက်သောက်သုံးခြင်းနဲ့ လက်ဝယ်ထားရှိခြင်းကို ခွင့်ပြုမယ့် “Red Card” ပါမစ်စနစ်ကို စတင်ကျင့်သုံးရန် ဆုံးဖြတ်လိုက်ပါတယ်။
ဇွန်လ ၂ ရက်နေ့၊အင်္ဂါနေ့မှာ ပြည်နယ်အစိုးရက ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာချက်အရ သတ်မှတ်ချက်နဲ့ ကိုက်ညီသူများဟာ ၂၀၂၅ ခုနှစ် မီဇိုရမ် အရက်တားမြစ်ရေး (ပြင်ဆင်) ဥပဒေ ပုဒ်မ ၄၅-ဘီ (၁) အရ “Red Card” လို့ခေါ်တဲ့ ခွင့်ပြုမိန့်ကို လျှောက်ထားနိုင်မှာဖြစ်ကြောင်း အသိပေးထားပါတယ်။

အဆိုပါ ပါမစ်လျှောက်ထားသူများအနေဖြင့် လျှောက်လွှာကြေး ရူပီး ၅၀ ပေးဆောင်ရမှာဖြစ်ပြီး၊ ပါမစ်ကို နှစ်စဉ် သက်တမ်းတိုးခြင်းနဲ့ဆက်လက်ကိုင်ဆောင်ခွင့်အတွက် ရူပီး ၅,၀၀၀ ပေးဆောင်ရမှာဖြစ်ပါတယ်။
ယခုအစီအစဉ်ဟာ မီဇိုရမ်ပြည်နယ်ရဲ့ အရက်မူဝါဒကို ပိုမိုလျှော့ပေါ့လာစေရန် ရည်ရွယ်တဲ့ နောက်ထပ် ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ခံနေရပါတယ်။
မီဇိုရမ်ဟာ ယခင်ကတည်းက အရက်တားမြစ်ရေးဥပဒေများကို အကြိမ်ကြိမ် ပြင်ဆင်ခဲ့သော်လည်း နိုင်ငံအတွင်း အရက်သုံးစွဲမှု ကန့်သတ်ချက် အပြင်းထန်ဆုံး ပြည်နယ်များထဲတွင် ဆက်လက်ပါဝင်နေဆဲဖြစ်ပါတယ်။
ပြင်ဆင်ထားတဲ့ ဥပဒေအရ ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်ဖြင့် အရက်သောက်သုံးခွင့်ကို ပြည်နယ်အရက်တားမြစ်ရေး ကော်မရှင်နာ သို့မဟုတ် ၎င်းမှ တာဝန်လွှဲအပ်ထားသော အရာရှိက ခွင့်ပြုပေးနိုင် မှာဖြစ်ပါတယ်။
ဒါပေမယ့်ယင်းခွင့်ပြုချက်ရရှိရန်အတွက် လျှောက်ထားသူဟာ မှတ်ပုံတင်ထားသော ဆရာဝန်ရဲ့ ဆေးညွှန်းကို တင်ပြရမှာဖြစ်ပြီး၊ အဆိုပါ ဆေးညွှန်းကို သက်ဆိုင်ရာ ဆေးရုံရဲ့ Medical Superintendent (ဆေးရုံအုပ်ကြီး) က ထောက်ခံလက်မှတ် ရေးထိုးထားရမှာဖြစ်ပါတယ်။
ယခု “Red Card” စနစ်ဟာ ဆေးကုသမှုလိုအပ်ချက်ရှိသူများအား ဥပဒေနဲ့အညီ အရက်သောက်သုံးခွင့် ပေးနိုင်ရန် ရည်ရွယ်ထားပြီး မီဇိုရမ်ရဲ့ အရက်ဆိုင်ရာ မူဝါဒအပေါ် သိသာထင်ရှားတဲ့ အပြောင်းအလဲတစ်ရပ်အဖြစ် သတ်မှတ်ခံနေရပါတယ်။
ကိုးကား – The Assam Tribune
သတင်း – Mickey


















