ကလေးတက္ကသိုလ်ထဲက ဆရာ၊ ဆရာမ ကျောင်းသား၊သူ ၁၃ဝ ကျော်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်က ကယ်ထုတ်ပြီး ထိန်းသိမ်းထား

၂၈၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ်ဝန်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆရာ၊ ဆရာမတွေ အပါအဝင် ကျောင်းသား၊ ကျောင်းသူ ၁၃၀ ကျော်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

လက်ရှိ ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ ၁၃၀ ကျော်ကို လူ့အခွင့်အရေးနဲ့ အညီ ကလေးခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ရင်းမှာ သေချာထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ ဖမ်းဆီးထားတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဆရာ၊ ဆရာမ ၁၃ဝ ကျော်ကို ကယ်ထုတ်ထားပြီး စောင့်ရှောက် ထားပါတယ်။ စစ်ဆေးမေးမြန်းတာ တချို့တော့ လုပ်နေတယ်။ တချို့ကိုတော့ မကယ်ထုတ် နိုင်ခဲ့ဘူး။” လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ပြောပါတယ်။

တိုက်ပွဲအကြောင်းအရာနဲ့ အသေးစိတ် အချက်အလက်တွေကို တာဝန်ရှိသူတွေက ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်ကတော့ ကလေးမြို့တက္ကသိုလ်ထဲက ဆရာ၊ ဆရာမနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးဖို့ကြိုးစားခဲ့ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က ဆရာ၊ ဆရာမနဲ့ ကျောင်းသူ၊ ကျောင်းသား ၂၈၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေက ဖော်ပြပါတယ်။

တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ-ကလေး) လက် အောက်ခံ တပ်ဖွဲ့ဝင်တွေရှိတဲ့ စက္ကန့်ရွာ၊ ကံကြီးရွာနဲ့ ကံသာရွာတပ်စခန်းတွေကို ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၃ ရက် အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် စက္ကန့်ရွာကိုတော့ နောက်တစ်ရက် ၂၆ ရက်တွင် စစ်ကောင်စီအင်အားအများအပြားနဲ့ပြန်လည်တပ်စွဲထားတယ်လို့သိရတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ ကလေးမြို့ပတ်ဝန်းကျင်နဲ့ ကလေးမြို့အတွင်းကို စစ်ရေးအရှိန်ဟုန်နဲ့ တိုးမြင့် လုပ်ဆောင်တော့ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ ကလေးမြို့အတွင်းကနေ အမြန်ဆုံး တိမ်းရှောင်ကြဖို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်