ချင်းပြည်နယ်အလယ်ပိုင်းကလူသိနည်းသော ZZLMS အကြောင်း

R.Lakher

Z = Zotung, Z= Zophei, L= Lautu, M= Mara, S= Senthang

ZZLMS အနက်အဓိပါယ်ကို သိသောသူ နည်းပါးလိမ့်မည်ဟု ထင်ပါသည်။ ဆောင်းပါ ဖတ်ရှုပြီးနောက် စာ​ဖတ်သူ အနေဖြင့် ZZLMS နာမည်၏ နောက်ကွယ်က အနက်အဓိပ္ပါယ်ကို နားလည်သဘောပေါက်သွား မည်ဟု ယုံကြည်ပါသည်။

ZZLMS ဟူသော  နာမည်သည် ၂၀၂၁ ခုနစ် မတိုင်မီ ကတည်းက ချင်းပြည်သူ တစ်ချို့ကြား ရောက်ရှိလာခဲ့ ပြီးဖြစ်သည်။သို့​သော် ထိုအချိန်တွင် ZZLMS ကိုသိသောသူ အလွန်နည်းပါးသေး သည်။ ZZLMS သည် ၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်တွင် ချင်းပြည်နယ်၌ မြို့နယ်အလိုက် လက်နက်ကိုင်အဖွဲ့များ (CDFs) ဖွဲ့စည်းလာမှု နှင့်အတူ မျိုးနွယ်စုကို အခြေခံပြီး လက်နက်ကိုင် လမ်းစဥ်ကို အရင်ဦးဆုံး စတင် ခဲ့ကြသူများဖြစ်ကြသည်။ CJDC ဖွဲ့စည်းမှု နှင့် Chinland Council ဖွဲ့စည်းမှုများတွင် လည်း ဦးစည်းဦးဆောင်ပြီး တက်ကြွစွာ ပါဝင်နေကြသည်ကို တွေ့ကြရသည်။

၂၀၂၂ နောက်ပိုင်းတွင် ZZLMS နာမည် ဖြင့် CDFs အဖွဲ့ (၅) ဖွဲ့ မဟာမိတ်ကိုဖွဲ့ စည်းပြီး ဆိုရှယ် မီဒီယာများ တွင် ပြန်လည် ပျံ့နှံ့ လာခဲ့သည်။ ZZLMS မဟာမိတ် ၅ ဖွဲ့ တို့မှာ Zotung-CDF, Zophei-CDF, Lautu-CDF, Mara-CDF, Senthang-CDF တို့ဖြစ်ကြသည်ကို သိကြသော်လည်း ZZLMS နာမည်၏ နောက်ကွယ်က အနက်အဓိပ္ပါယ်ကို သိသောသူ ချင်းအသိုင်းဝိုင်းကြားမှာလည်း နည်းပါးလိမ့်မည်ဟု ထင်ပါသည်။အကြောင်းမှာ ZZLMS ၏ မဟာမိတ် ဖွဲ့စည်းမှု​သည် ပထဝီဝင် အနေအထားအရ နိုင်ငံရေး စစ်ရေး ပူး​ပေါင်းမှု မဟာမိတ် အဆင့်ထက် များစွာပိုမိုနက်ရှိုင်းလှ သောကြောင့်ဖြစ်သည်။ ဆင်တူသော သမိုင်းကြောင်း၊ယဥ်ကျေးမှု၊ဘာသာစကားအရ လူမျိုးစုတစ်စု (One Tribe) (သို့) လူမျိုးတစ်မျိုး (One Nation) ဟု ထင်ရလောက်အောင် တူညီ​​သော လူမျိုးစု လက္ခဏာများ (Tribal Characteristics) များရှိနေကြ ခြင်းကြောင့်ဖြစ်သည်။ လူဦးရေအားဖြင့် အိန္ဒိယ ဘက်မပါပဲ့ ZZLMS  သည် ၅၀,၀၀၀ နှင့် ၁၀၀,၀၀၀ ကြားရှိမည်ဟု ယူဆရသည်။

ဤကဲ့သို့ တူညီသော အချက်များကြောင့် ZZLMS ဟူ၍ ချင်းပြည်နယ် အလယ်ပိုင်း မှ လူမျိုးစု (၅)စုပေါင်းမဟာမိတ်ဟူ၍ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ZZLMS မဟာမိတ် ၏ ထူးခြားသောအချက်မှာ အဖွဲ့ (၅) ဖွဲ့ လုံးသည် လူမျိုးစု ကို အခြေခံ လက်နက်ကိုင်များ ဖြစ်ကြပြီး  ချင်းပြည်နယ်၏ အလယ်ပိုင်းဒေသ (Middle Chinland) တွေ နေထိုင်ကြသည်။ ထို့အပြင်  ရိုးရာ ယဥ်ကျေးမှု ၊ ဓလေ့ထုံးတမ်း ၊ ဘာသာ စကားနှင့် သမိုင်း ကြောင်းအရ အင်မတန်နီးစပ်မှု ရှိသည်။ ဘာသာ စကားအားဖြင့်လဲ့ ၅၀ ရာခိုင်နှုန်းအထက် ဆင်တူနေကြသည်။ ဥပမာ- မရာ တစ်ယောက်သည် လောက်တူစကား ကို အကုန်လုံးနီးပါးနားလည်ပြီး လွယ်ကူစွာ ပြောဆိုနိုင်သည်။ လောက်တူ လူမျိုး တစ်ယောက်သည် မရာစကား ကို အကုန် နီးပါးနားလည် ပြီး ပြောဆိုနိုင်သည်။ထို့ကြောင့် သမိုင်းပညာရှင် ဒေါက်တာ ဗန်ဘိခ် မှ သူ့၏ ချင်းဘာသာစကား လေ့လာမှု သုသေသန စာတမ်းတွင် ZZLMS ကို Marraic Group ဆို ပြီးဖော်ပြ ခဲ့သည်။ ထို့အပြင် မကြာသေးခင် က မရာနယ်မြေအတွင်း လိုင်းလင်းပီမြို့ ၌ ရှိသော စစ်ကောင်စီ ၏ စခန်းကို ZZLMS Operation နာမည် ဖြင့် ဆင်နွဲခဲ့ကြကို တွေ့ရသည်။

ဖြန့်ကြဲနေထိုင်ကြမှု ပုံစံ-

၁။ ဇိုတုန် (Zotung) လူမျိုး စု သည် ရွာပေါင်း ၅၅ ရွာ ခန့် ဖြင့် မတူပီ မြို့နယ်၊ ထန်တလန်မြို့နယ်၊မင်းတပ်၊ ဟားခါး နှင့် မကွေးတိုင်း(ဂန့်ဂေါမြို့နယ်) တို့တွင် နေထိုင်ကြသည်။ ရေဇွာ (Rezua) မြို့ သည် ဇိုတုန် (Zotung) လူမျိုးစုများ၏ မြို့ ဖြစ်သည်။

၂။ ဇိုဖေ (Zophei) လူမျိုးများသည် ရွာ ၂၂ ရွာ ခန့် ဖြင့် ဖွဲ့စည်းထားကြပြီး ထန်တလန် မြို့နယ်တွင်နေထိုင်ကြသည်။ ထို့အပြင် အိန္ဒိယနိုင်ငံ ဆိုင်ဟားခရိုင်၌ လည်း နေထိုင်ကြသည်ဟု သိရသည်။ လက်ရှိအချိန်တွင်  ​ဇိုဖေ (zophei) လူမျိုးစု များ၌ မြို့မရှိသေးပေ။

၃။ လောက်တူ (Lautu) လူမျိုးစုများသည် ရွာ ပေါင်း ၁၂  ရွာ ခန့် တွင်  နေထိုင်ကြပြီး ထန်တလန်မြို့နယ်၊ ဟားခါးနှင့် မတူပီ မြို့နယ်တို့ တွင်ဖြန့်ကြဲ နေထိုင်ကြသည်။ နာရိန်မြို့ (Hnaring) မြို့သည် လောက်တူ လူမျိုးစု များ၏ မြို့ဖြစ်သည်။

၄။ Mara လူမျိုးများဟာ မြန်မာနိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ ၂ နိုင်ငံ တွင် နေထိုင်ကြပြီး ၊ မြန်မာနိုင်ငံတွင် ရွာပေါင်း ၅၄ ရွာနှင့် အန္ဒိယ နိုင်ငံတွင် ဆိုင်းဟား (Siaha) မြို့ နှင့် ရွာပေါင်း (၅၀) ကျော် ဖြင့် ဖွဲစည်းနေထိုင်ကြသည်။စုစုပေါင်း ရွာပေါင်း ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး မြန်မာပြည်ဘက်တွင် လိုင်လင်းပီမြို့နှင့် အိန္ဒိယ နိုင်ငံ ဘက်တွင် ​ဆိုင်းဟားမြို့ ဟူ၍ မြို့ ၂ မြို့ ပိုင်ဆိုင်ထားကြသည်။ ZZLMS လူမျိုးစု များအကြားတွင် လူဦးရေ အများဆုံး နှင့် နယ်မြေ အကျယ် ဆုံးကို ပိုင်ဆိုင်ထားကြသည်။ ညီ နောင် လူမျိုးစု (၅) စု အကြားတွင် အကိုကြီး (Big Brother) ဟု ခေါ် ရမည့်သူဖြစ်သည်။

၅။ ဆဲန်ထန် (Senthang) လူမျိုးများသည် ရွာပေါင်း ၂၂ ရွာခန့် ဖြင့် ဖွဲစည်းထားပြီး ထန်တလန်၊ဟားခါးမြို့နယ် နှင့် စစ်ကိုင်းတိုင်းတို့တွင် ဖြန့်ကြဲနေထိုင်ကြသည်။

မကြာသေးခင် လိုင်လင်းပီ မြို့နှင့် ရေဇွာမြို့များကို သိမ်းပြီးနောက်  ZZLMS နယ်မြေအားလုံးသည် လွတ်မြောက်နယ်မြေ (Liberated Area) ဖြစ်သွားပြီဖြစ် ပြီးယနေ့တွင် ZZLMS သည် ချင်းပြည်နယ်၏ တောင်ပိုင်းနှင့်မြောက်ပိုင်းကို ဆက်သွယ်ပေး နေပြီဖြစ်သည်။ ချင်းပြည်နယ် ၏ အလယ်တွင် တည်ရှိနေခြင်းကြောင်း ချင်းပြည်နယ် တစ်းခုလုံးလွတ်မြောက်လာပါက အုပ်ချုပ်ရေးရုံးချုပ် ထားရှိရာ ကောင်းသော နေရာလည်း ဖြစ်ပါ သည်။ နယ်မြေများ လွတ်မြောက်ပြီ ဖြစ်သော်လည်း ကျန်းမာရေး၊ပညာရေး၊ အုပ်ချုပ်ရေး အစရှိသော စိန်ခေါ်မှုများစွာနှင့် ကြုံးတွေ့နေရဆဲဖြစ်သည်။ ထို့အပြင် ယနေ့ တွင် မရာလူမျိုးစုများထဲ ၌ CDF-Mara နှင့် MDF ဟူ၍ နှစ်ဖွဲ့ကွဲနေခြင်း၊ MDF နဲ့ Senthang-CDF တို့ Chinland Council ၌ အဖွဲ့ဝင်ဖြစ်ခွင့်မရခြင်း စသော စိန်ခေါ်မှုပြဿများလည်း ရင်ဆိုင်နေကြရပြီး ညီနောင် လူမျိုးစု မရာ (Mara) နှင့် ဆဲန်ထန် (Sengthang)လူမျိုးစု တို့၏ ကြုံနေရသော စည်းလုံးမှုအခက်ခဲပြဿများကို ZZLMS အနေဖြင့် မည်ကဲ့သို့ ကူညီဖြေရှင်းနိုင်မည်နည်း ဆိုသည်မှာမူ စောင့်ကြည့်ကြရမည်ဖြစ်သည်။ ယနေ့တွင် ZZLMS ရဲဘော်များသည် ၎င်းတို့ လူမျိုးစု နယ်မြေများ လွတ်မြောက်ပြီး ဖြစ်သော်လည်း ချင်းပြည်နယ် တစ်ခု လုံးလွတ်မြောက်ရေးအတွက် တစ်ခြား နယ်မြေများကိုသွားပြီး ဆက်လက်တိုက်ပွဲများ ဝင်နေကြသည်ကို  အားရစရာ တွေ့ ကြရသည်။

ZZLMS နိုင်ငံရေး ပန်းတိုင်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်တောင်းရင်း ဆောင်းပါးကို နေရာတွင် ရပ်နားပါသည်။

R.Lakher

Chin Politics and Revolution Observer

Researcher and Writer

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်