တော်လှန်ရေး သုံးနှစ်အတွင်း CDF-Mindat ရဲဘော် ၆၀ ကျော်ကျဆုံးပြီး ရာကျော်ဒဏ်ရာရခဲ့

၂၅၊ ဧပြီလ၊ ၂၀၂၄

Zalen

ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ် ( Chin Defense Force – Mindat ) စတင်ဖွဲ့စည်းတဲ့ အချိန်ကနေ သုံးနှစ်အတွင်း စစ်ကောင်စီကိုတော်လှန်ရင်းနဲ့ CDF-Mindat ရဲဘော် ၆၅ ဦးကျဆုံးခဲ့ကာ ရာကျော်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

၂၀၂၄ ခုနှစ် ၊ဧပြီလ ၂၄ ရက် မှာ ကျင်းပခဲ့တဲ့ CDF-Mindat ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား မှာ CDF-Mindat ရဲ့ သုံးနှစ်တာလုပ်ငန်းဆောင်ရွက်ချက်များကို သတင်းပြန်ကြားရေးနဲ့မှတ်တမ်းဌာနမှူး ကို ဇလပ်သွေး ကပြောကြားခဲ့တာပါ။

“တော်လှန်ရေး သုံးနှစ်တာကာလ မှာ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲအကြိမ်ရေ ၂၅၂ ကြိမ်ဖြစ်ပွားခဲ့ပြီး မင်းတပ်မြို့နယ် ရဲ့ ၈၀ ရာခိုင်နှုန်းကိုထိန်းချုပ်နိုင်ခဲ့တယ်။အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရာနဲ့ချီ သုတ်သင်ရှင်းလင်း ပေမယ့် မိမိတို့ တော်လှန်ရေးတပ်ဖွဲ့ဘက်ကနေ CDF-Mindat ရဲ့ပထမဆုံး တပ်မဟာမှူး ဆလိုင်း ထန်းဒိန်းမာန်နဲ့အတူ ရဲဘော် ၆၅ ဦး ကျဆုံးခဲ့ကာ ရာကျော်ဒဏ်ရာရခဲ့တယ်” လို့ဆိုပါ တယ်။

သုံးနှစ်အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်က တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ပြည်သူ ၅၆ ဦးထိခိုက်ဒဏ်ရာရခဲ့သလို ခရစ်ယာဉ်ဘုရားကျောင်း ၈ လုံး၊ဘုန်းကြီးကျောင်း ၄ လုံးအပါအဝင် လူနေအိမ် ၈၈ လုံးပျက်ဆီးခဲ့ပါတယ်။

အလားတူ သုံးနှစ်တာကာလအတွင်းမင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၂၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့သူများခဲ့ပါတယ်။အဲလိုလက်နက်ကြီးနဲ့ တိုက်ခိုက်မှုများကြောင့် ကျေးရွာဆေးပေးခန်း၊ စာသင်ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းများအပါအဝင် လူနေအိမ် ၂၀၀ ကျော်ပျက် ဆီးသွားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ သုံးနှစ်အတွင်း မင်းတပ်ပြည်သူ ၁၀၀ ကျော်ကို တော်လှန်ရေးနဲ့ပတ်သက်တယ် လို့စွပ်စွဲပြီး ဖမ်းဆီးခဲ့ရာ ဒီကနေ့အထိ မလွှတ်သေးဘူးလို့သိရပါတယ်။အဲဒီလို မင်းတပ်ပြည်သူများသာမက မြန်မာပြည်သူများကို မတရားဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရာတွင် အာဏာရှင်စနစ်အား တော်လှန်နေတဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို လက်တွဲလျက်ရှိပြီး ချင်းတော်လှန်ရေးအင်အားစုများအကြား စည်းလုံးမှုအားကောင်းလာစေရန်နဲ့ တိုက်ပွဲအရှိန်အဟုန်တိုးမြှင့်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိတယ် လို့ ကိုဇလပ်သွေးက ပြောကြားခဲ့တာဖြစ်ပါတယ်။

CDF-Mindat ဟာတော်လှန်ရေးသုံးနှစ်အတွင်း မကွီအိမ်နူးက စစ်ကောင်စီစခန်း ကိုသိမ်းယူနိုင်ခဲ့သလို မဟာမိတ်တပ်ပေါင်းစုများနဲ့အတူ မကွေးတိုင်းက ရေလည်စခန်း၊ဆည်ပေါ်စခန်းနဲ့ မတူပီမြို့နယ်က ထယ်ဘွေးစခန်းတို့ကိုလည်းသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။

CDF-Mindat ဟာ စစ်ကောင်စီတပ် မတရားအာဏာသိမ်းပြီး နှစ်လကျော်အကြာ ၂၀၂၁ ခုနှစ်ဧပြီလ ၂၄ ရက်နေ့မှာ နွေဦးတော်လှန်ရေးရဲ့ အလှည့်အပြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တူမီးသေနတ်နဲ့ စတင် တိုက်ခိုက်ခဲ့သလို တစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုများအတွက် စကစကို အခုလိုတိုက်ခိုက်လို့ရ တယ်ဆိုတဲ့ တော်လှန်ရေးတစ်ခုကို မွေးဖွားပေးခဲ့တယ်လို့ CDF-Mindat စစ်ဦးစီးချုပ် ကဆိုပါတယ်။

CDF-Mindat ဖွဲ့စည်းတည်ထောင်ခြင်း ၃နှစ်ပြည့် အခမ်းအနားကို အွန်လိုင်းကနေတစ်ဆင့် မနေ့ဧပြီလ ၂၄ ရက်မနက်ပိုင်းမှာ ကျင်းပခဲ့ပြီး NUCC၊ CRPH၊ ICNCC၊ CRCH၊ MTP နဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်