စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ဦးခန့် သေဆုံး တဲ့အပြင် ၁၅ ဦးဒဏ်ရာရခဲ့တယ်။

မုံရွာမြို့ (နမခ) တပရ-၉၂၉ ကနေ အရာတော် မြို့နယ် အမှတ် ၁၀ စစ်သင်တန်းကျောင်းကို တပ်သားသစ် ၂၅၀ ဦး တင်ဆောင်လာတဲ့ ၁၂ ဘီးကား ၅ စီးနဲ့ Express ကားတစ်စီးတို့ကို အရာတော်မြို့နယ်ကမ်းဖြူရွာ အရောက်မှာတိုက်ခိုက်ခဲ့တာလို့ အမှတ် ၁ စစ်ဒေသ က ဧပြီ ၁၄ ရက် ဒီမနက်မှာ သတင်းထုတ်ပြန် ပါတယ်။

Zalen ad

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီကား ၃ စီးပျက်ဆီးသွားတဲ့အပြင် ဒု-အရာခံဗိုလ် ၁ ဦး၊တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ အားကစားသိပ္ပံ က ၁ ဦး တို့နဲ့ သင်တန်းသားအသစ် ၄၅ ဦးတို့ကို အရှင်ဖမ်းမိခဲ့ပါတယ်။

တိုက်ပွဲ ကနေ လက်နက်ငယ် (၇) လက်၊ ကျည်မျိုးစုံ (၅၅၀၀) ခန့်၊ ဗုံးသီး မျိုးစုံ (၈၀) ခန့်၊ RPG-7 ဒုံးသီး (၁၀) လုံး၊ မိုင်းမျိုးစုံ (၇၀) ခန့်၊ Jammer စက်အကြီး (၁) လုံး၊ ကျည်အိမ် (၇) ခု၊ Detonater (၅၀) ချောင်း၊ ကျည်ကာ ဦးထုပ် (၃) လုံး၊ စစ်ဖိနပ် (၂၀) ရံ၊ Equipment (၁) ခု၊ ကျောပိုးအိတ် (၁) လုံး၊ ဖိုင်တွဲ (၈၈) ဖိုင် တို့ ကိုသိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၆၊ ၁၉၊ ၂၄)၊ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း-၂၊ Danger Force LPDF၊ ကျားသစ်နက် LPDF နဲ့ Special Revolution Force LPDF အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်မှုမထမ်းမနေရ ဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီး နောက် နိုင်ငံအနှံ့တပ်သားသစ် စုဆောင်းခြင်းတွေစတင်လာကာ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့မှာပဲ ပထမဆုံး စစ်သင်တန်းကို စတင်ခဲ့တာဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့တွင် လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်အသုံးပြုရန် အခက်အခဲရှိနေဆဲ

ဇူလိုင် ၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လျှပ်စစ်မီးမရရှိသေးတာကြောင့် အင်တာနက်လိုင်းအသုံးပြုဖို့ အခက်အခဲတွေ ရှိနေပြီး WiFi တပ်ဆင်အသုံးပြုနိုင်တဲ့ နေရာဟာလည်း နည်းပါးနေတယ်လို့ ဒေသခံတွေဆီကသိရှိရပါတယ်။ လက်ရှိအချိန်မှာ နေအိမ်တွေမှာ WiFi တပ်ဆင်အသုံးပြုရန် အခက်အခဲရှိတာကြောင့် ...

ဆက်ဖတ်ရန်