ဇူလိုင် ၈၊ ၂၀၂၆
Zalen
ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ တိုင်းနဲ့ပြည်နယ် တချို့မှာ လာမယ့် ဇူလိုင်လ ၉ ရက်နေ့ကနေ ၁၆ ရက်နေ့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာနိုင်တာကြောင့် အခုလို မိုးကြီးနိုင်တာဖြစ်ပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့ ဖြစ်ပါတယ်။
အဲဒီ ဒေသတွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သလို၊ အချို့ဒေသတွေမှာလည်း နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တခါတရံ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။
မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် (၃၀) ကနေ (၃၅) မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ (၈) ပေကနေ (၁၀) ပေခန့်အထိ ရှိလာနိုင်ကြောင်း ဖော်ပြထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုရန် လိုအပ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး အခြေအနေတွေနဲ့ မြန်မာ့ကမ်းရိုးတန်းတလျှောက်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြု သွားလာကြဖို့ မိုးဇလက တိုက်တွန်းနှိုးဆော်ထားပါတယ်။
Mary















