ကန်ပက်လက်တွင် နှာခေါင်းပလွေမှုတ်ပါတဲ့ တတိယမြောက် ချင်းရိုးရာပြခန်းဖွင့်လှစ်

ကန်ပက်လက်တွင် နှာခေါင်းပလွေမှုတ်ပါတဲ့ တတိယမြောက် ချင်းရိုးရာပြခန်းဖွင့်လှစ်

ကန်ပက်လက်မြို့နယ် နဲ့ မကွေးတိုင်း ဆောမြို့နယ်အစပ်မှာ တတိယမြောက် ချင်းရိုးရာပြခန်းဖြစ်တဲ့ ဝိတိုရိယ(ကန်ပက်လက်)ကို ဒီဇင်ဘာလ (၁၁)ရက်နေ့က ဖွင့်လှစ်ထားပါတယ်။

ယင်းပြခန်းဟာ ဆောမြို့ကနေ ကန်ပက်လက်မြို့ကိုသွားတဲ့ ကားလမ်းမဘေးမှာတည်ရှိပြီး ဆောမြို့နဲ့ ကန်ပက်လက်မြို့ကနေ (၆)မိုင်စီကွာဝေးပါတယ်။

ဝိတိုရိယ(ကန်ပက်လက်) ချင်းရိုးရာပြခန်းကို ကန်ပက်လက်မြို့က ဦးနိုင်းကီးတို့မိသားစု ဖွင့်လှစ်ထားတာပါ။

ယင်းပြခန်းတွင် ကြည့်ရှုနိုင်တာက နှာခေါင်းပုလွေမှုတ်၊ ဝါးလုံးရိုးရာဆိုင်းအက၊ ရိုးရာပစ္စည်းအမျိုးမျိုးရောင်းချပြီး၊ လေးမြှားကိုလည်း လက်တည့်စမ်းပစ်လို့ရပါတယ်။

ဝိတိုရိယ(ကန်ပက်လက်) ချင်းရိုးရာပြခန်းကိုသွားရောက်လေ့လာတဲ့ ကန်ပက်လက်မြို့နယ်၊ ဟိုတယ်နဲ့ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန အကြီးတန်းစာရေး ကိုမောင်ရှိန်းက “အခုပြခန်းက ဝင်ကြေးမရှိဘူး။ မြို့ထဲက ရိုးရာပြခန်းလည်း ဝင်ကြေးမကောက်ဘူး။ ဒါပေမယ့် ရိုးရာဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်ရင် နှစ်ထောင်ကနေ သုံးထောင်ကြားကောက်ကြတယ်။ ပြီးတော့ နှခေါင်းနဲ့ပုလွေမှုတ်တဲ့အဖွားကို လာကြည့်တဲ့သူတွေက စေတနာရှိသလောက်အလှူငွေတွေပေးကြတယ်။ အဓိကအားဖြင့် ပြခန်းကနေ ဝင်ငွေရတာက နှာခေါင်းနဲ့ပုလွေမှုတ်တဲ့အဖွားဆီကနေပဲရကြတယ်။ သူ့ကို ဒေသတွင်းခရီးသွားတွေက တော်တော်စိတ်ဝင်စားကြတယ်။ အဖွဲ့လိုက်နဲ့လာကြည့်တဲ့သူတွေဆို တစ်ယောက်က အလှူငွေ နှစ်ထောင်၊သုံးထောင် တစ်ချို့ဆို ငါးထောင်ထိထည့်တဲ့သူရှိတော့ တစ်ဖွဲ့ထဲမှာ ခုနစ်သောင်းလောက်ဝင်တာလည်းရှိတယ်။ အဲ့ဒါကို အဖွားနဲ့ ပြခန်းပိုင်ရှင်တို့ပြန်မျှကြတာပေါ့နော်။ အဖွားတွေတွက်လည်း သူတို့တတ်တဲ့ ရိုးရာအတတ်ပညာလေးနဲ့ စားသောက်လို့ရတာပေါ့နော်။ နိုင်ငံခြားသားတွေက မျက်နှာမှာ တက်တူးထိုးတဲ့အမျိုးသမီးတွေကို စိတ်ဝင်စားတယ်။ ဒီမှာက မျက်နှာမှာတက်တူးထိုးတဲ့ ဒီဇိုင်း (၅)မျိုးရှိတယ်။ သူတို့လည်း အလှူငွေတွေထည့်ကြတယ်” လို့ပြောပါတယ်။

ကန်ပက်လက်မြို့ပေါ်တွင် ချင်းရိုးရာပြခန်း (၂)ခုရှိပြီး ဦးကီးနိုင်းအိမ်က ရိုးရာပြခန်းနဲ့ ကီးကီးချင်းရိုးရာပြခန်းတွေဖြစ်ပါတယ်။ လက်ရှိ ကန်ပက်လက်မြို့ပေါ်တွင် နှာခေါင်းနဲ့ပုလွေမှုတ်တတ်သူ (၇)ဦးခန့်သာ ကျန်ပါတော့တယ်။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်