မေ ၂၈၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ မြို့နယ်၊ စည်ပင်သာရေးအဖွဲ့ရဲ့ အဂတိလိုက်စားမှုကြောင့် ရပ်ကွက်အချို့ အမှိုက်များနဲ့ ညစ်ညမ်းနေတယ်လို့ မြို့ခံများထံက သိရှိရပါတယ်။

တမူးမြို့မှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှိုက်သယ်ကားကို ငွေကြေးပေးနိုင်တဲ့ အိမ်ရှေ့မှာပဲရပ်ပေးပြီး ရပ်ကွက်တိုင်းရဲ့ အမှိုက်များကိုသယ်ယူစွန့်ပစ်ခြင်းမရှိတာကြောင့် ရပ်ကွက်အချို့မှာ အမှိုက်များနဲ့ ပွစိတက် ညစ်ညမ်းနေပြီလို့ ဆိုပါတယ်။
” စည်ပင်ကားက အရင်ကဆို လမ်းအနှံ့၊ ရပ်ကွက်လမ်းကြားတိုင်းဝင်လို့ သယ်ယူစွန့်ပစ်ကြတာ။ အခုငွေပေး နိုင်တဲ့ အိမ်ရှေ့ဘဲရပ်ပေးတာ။ ကုန်းပေါ်၊ အောက်ကျင်းရပ်ကွက်ဆို အမှိုက်ကားတွေပုံမှန်မရောက်တော့ဘူးဗျ။ ပိုက်ဆံ များများပေးတဲ့ အိမ်ရှေ့ဘဲရပ်ပေးတာ။ အမှိုက်ကားပုံမှန်မလာတော့ ရပ်ကွက်၊ ပတ်ဝန်းကျင်တွေ ညစ်ညမ်းနေပြီ။ ကျန်းမာရေးအတွက် တအားစိုးရိမ်ရတယ်။ မိုးကျလာရင်ပိုဆိုးမှာပေါ့။ မတိုင်ရဲဘူး မကျေနပ်လို့ တခုခု လာလုပ်သွားမှာလည်းကြောက်ရတယ်” လို့ တမူးမြို့ခံ တဦးက Zalen ကိုပြောပါတယ်။
အခုလို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရဲ့ အဂတိ လိုက်စားမှုကြောင့် ရပ်ကွက်အချို့မှာ အမှိုက်များရှုပ်ပွ ညစ်ညမ်းနေပြီး ကျန်းမာရေးထိခိုက်လာမှာကို တမူးမြို့ဒေသခံအချို့က စိုးရိမ်နေကြတာဖြစ်ပါတယ်။
တမူးမြို့မှာ စစ်ကောင်စီလက်အောက်ခံ အစိုးရသစ်ရဲ့ ရက် (၁၀၀) စီမံချက်နဲ့ တမူးမြို့တွင် မြို့သန့်ရှင်း သာယာ လှပရေး ဌာနဆိုင်ရာများစုပေါင်းကာ သန့်ရှင်းဆောင်ရွက်နေတယ်လို့ ဆိုထားပေမယ့် ရပ်ကွက်အချို့မှာ အမှိုက်ကားမရောက်ရှိတာကြောင့် ရပ်ကွက်ပတ်ဝန်းကျင် အမှိုက်များနဲ့များရှုပ်ပွ ညစ်ညမ်းနေဆဲ ဖြစ်တယ်လို့ဒေသခံများက ပြောပါတယ်။
သတင်း – Dawwin
ပုံစာ – တမူးမြို့နယ်မှ အမှိုက်ညစ်ညမ်းပွရှုပ်တဲ့ တနေရာအားတွေ့ရစဉ်။
#တမူးမြို့နယ် #အမှိုက် #ညစ်ညမ်း #မြို့နယ်စည်ပင်သာယာရေး #Zalen












