
မေ ၂၇၊၂၀၂၆
Zalen
အာဏာသိမ်းစစ်တပ်က မြန်မာနိုင်ငံတဝန်းလုံးမှာ လူငယ်တွေအပေါ် အဓမ္မစစ်သားစုဆောင်းမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အပေါ် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR) က ပြင်းပြင်း ထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစပြီး စစ်မှုထမ်းဥပဒေကို အတင်းအကြပ်ကျင့်သုံးခဲ့ရာကနေ ဒီကနေ့အချိန်ထိ လူဦးရေ တသိန်းနှစ်သောင်း (၁၂၀,၀၀၀) အထိ အဓမ္မတပ်သားစုဆောင်းခဲ့တယ်လို့ မေလ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ APHR ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အင်ဒိုနီးရှားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ APHR ဥက္ကဋ္ဌဖြစ်သူ မာစီ ခရစ္စတီ ဘာရန်းဒ်စ် (Mercy Chriesty Barends) က စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့အာဏာတည်မြဲဖို့အတွက် မြန်မာနိုင်ငံရဲ့ မျိုးဆက်တခုလုံးကို ခိုးယူနေကြတာဖြစ်ပြီး၊ လူငယ်တွေရဲ့ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ သိက္ခာရှိရှိ နေထိုင်ပိုင်ခွင့်တွေကို ရိုက်ချိုးလုယူနေတာဟာ နိုင်ငံတကာဥပဒေတွေကို အထင်အရှား ချိုးဖောက်နေတာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့တုန်းကလည်း စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ လူဝင်မှုကြီးကြပ် ရေးဌာနနဲ့ ပူးပေါင်းပြီး မိသားစုဝင်တဦးချင်းစီရဲ့ မွေးသက္ကရာဇ်နဲ့ အလုပ်အကိုင်တွေပါဝင်တဲ့ မြို့နယ်အလိုက် အိမ်ထောင်စုစာရင်း အသေးစိတ်ကို အခြေခံကာ စစ်မှုထမ်းရမယ့်သူစာရင်းကို ပြုစုဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ စုစုပေါင်း ၁၃ သန်းခန့်ရှိတဲ့ လုပ်ငန်းစဉ်ကို စနစ်တကျ တိုးချဲ့လုပ်ဆောင် လာတာဖြစ်တယ်လို့ APHR က ထောက်ပြထားပါတယ်။
၂၀၂၄ ခုနှစ်ကတည်းက လူငယ်တွေဟာ အလုပ်ကအပြန်လမ်းတွေမှာ ပြန်ပေးဆွဲခံရသလို နေအိမ်တွေကနေ အဓမ္မဖမ်းဆီးခေါ်ဆောင်တာ ခံခဲ့ရပြီး မိသားစုတွေနဲ့ ဆက်သွယ်ခွင့် ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။
တချို့မိသားစုတွေဆိုရင် သူတို့ချစ်ရတဲ့ သားသမီးတွေ ရှေ့တန်းအပို့ခံရပြီး သေဆုံးသွားမှသာ သိရှိကြရသလို၊ တချို့မှာလည်း ပြန်လည်လွတ်မြောက်လာဖို့အတွက် အိမ်တွေပါ ပေါင်နှံခဲ့ကြရတယ်လို့ ဆိုပါတယ်။
တပ်ပြေးတွေနဲ့ အတင်းအကြပ်ခေါ်ဆောင်ခံရသူတွေရဲ့ ထွက်ဆိုချက်တွေအရ စစ်မှုထမ်းအသစ်တွေဟာ စစ် သင်တန်းကို ရက်အနည်းငယ်မျှသာ တက်ရောက်ပြီးနောက် တိုက်ပွဲပြင်းထန်တဲ့ ရှေ့တန်းစစ်မျက်နှာတွေကို တိုက်ရိုက်စေလွှတ်ခံနေကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ လုပ်ရပ်တွေကလည်း အကျပ်အတည်းကို ပိုမိုဆိုးရွားစေနေပြီး၊ အထူးသဖြင့် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို အဓမ္မပြန်လည်နှင်ထုတ်ခဲ့ရာမှာ အဲဒီထဲက အချို့ဟာ အဓမ္မစစ်သားစုဆောင်းခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒါဟာ နိုင်ငံတကာဥပဒေအရ ဒုက္ခသည်တွေကို ဘေးအန္တရာယ်ရှိရာဆီ အဓမ္မပြန်လည်စေလွှတ်ခြင်း (Refoulement) နဲ့ လူကုန်ကူးမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို မြင့်တက်စေတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ ဆူဘန်း (Subang) မြို့နယ် လွှတ်တော် ကိုယ်စားလှယ်နဲ့ APHR ဘုတ်အဖွဲ့ဝင်ဖြစ်သူ ဝမ်ချန်း (Wong Chen) က စစ်ကောင်စီက အရပ်သားတွေကို ပြန်ပေးဆွဲပြီး တိုက်ပွဲဝင်ဖို့ အဓမ္မစေခိုင်းနေတာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မျက်ကွယ်ပြုမနေသင့်တော့ဘဲ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရမှာဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသူအားလုံးကို ဘေးကင်းစွာလွှတ်ပေးဖို့နဲ့ မိသားစုတွေဆီ မိမိသဘော ဆန္ဒအလျောက် ပြန်ရောက်နိုင်ရေး လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြောပါတယ်။
ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးနေခြင်းကို ချက်ချင်းရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ လူငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်မယ့် ဘေးအန္တရာယ်ရှိရာသို့ အဓမ္မပြန်လည်မစေလွှတ်ရေး (Non-refoulement) မူဝါဒကို လိုက်နာစောင့်ထိန်းဖို့လည်း APHR က တိုက်တွန်းထားပါတယ်။
APHR အနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး၊ မြန်မာလူငယ်တွေအပေါ် ပိုမိုပြင်းထန် လာတဲ့ စစ်ကောင်စီရဲ့လုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့အတွက် အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အရေးပေါ် ကူညီဆောင်ရွက်ပေးကြဖို့ တောင်းဆိုထားပါတယ်။
Helen









