ကလေးမြို့တွင်း လမ်းဘေးယာဉ်ရပ်နားခကောက်ခံခြင်းအပေါ် စည်ပင်နဲ့လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးမယ်

၂၀၁၉၊ အောက်တိုဘာ (၁၇)
ကလေးမြို့အတွင်းရှိ အဓိကလမ်းမများတွင် ရပ်နားထားတဲ့ယာဉ်တွေကို ရပ်နားခကောက်ခံခြင်းအပေါ် စည်ပင်ကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဒီကနေ့တွေ့ဆုံဆွေးနွေးကြမယ်လို့သတင်းရရှိပါတယ်။

အောက်တိုဘာလ (၁)ရက်စပြီး အဓိကလမ်းမများနဲ့ နေရာများတွင် ရပ်နားထားတဲ့ယာဉ်တွေကို ကျပ် (၁၀၀) ကနေ ကျပ် (၈၀၀)ထိကောက်ခံနေပါတယ်။ ယာဉ်ရပ်နားခကောက်ခံတဲ့နှုန်းထားကတော့ စက်ဘီး (၁၀၀)၊ ဆိုင်ကယ် (၂၀၀)၊ သုံးဘီး (၃၀၀)၊ ကားလေး (၃၀၀)၊ ကားလတ် (၄၀၀)၊ ကားကြီး (၈၀၀) စသည်တို့ဖြစ်ပါတယ်။

ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးအောင်လွင်က “ကျနော်တို့လေလံပစ်တာကိုက ရပ်နားခနဲ့ ညအိပ်ခွန် ဆိုပြီးပစ်ထားတာကို။ ဒီကိစ္စကို ဘယ်လိုလုပ်မလဲဆိုတဲ့ အစည်းအဝေးလေးလုပ်ဖို့ရှိတယ်။ ရွှေဘိုဆိုရင်လွန်ခဲ့တဲ့ ၈ နှစ်လောက်ကစကောက်နေပြီ။ ကျနော်တို့ကတော့ ဒီနှစ်မှာစသလိုဖြစ်တော့ နည်းနည်းလေးတော့ အခက်အခဲရှိတာပေါ့။ စည်းကမ်းချက်ထဲမှာတော့ လေလံရတဲ့သူက လမ်းသန့်ရှင်းရေး၊ ရပ်နားထားတဲ့ယာဉ်ရဲ့လုံခြုံရေးဆိုတာမျိုး ကျယ်ကျယ်ပြန့်ပြန့်မပါသေးဘူး။ အရင်နှစ်ကတော့ ရုံးကဝန်ထမ်းတွေနဲ့ကောက်တာ အင်အားမလုံလောက်တော့ အဆင်မပြေဘူး။ မနှစ်ကအမှန်ရတဲ့ဟာကို ကြမ်းခင်းဈေးသတ်မှတ်ပြီးတော့ လေလံပစ်လိုက်တာ။ ဥပဒေအရကောက်လို့ရတာမှန်တာပေါ့နော်။ ကြမ်းခင်းဈေးသတ်မှတ်ထားတာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လက်မှတ်တောင်ပါသေးတာပဲ။ မုံရွာထိလိုက်ပြီးလက်မှတ်ထိုးခိုင်းတယ်။ အဲ့ချိန်တုန်းကလည်း ဒီအကြောင်းကိုရှင်းပြခဲ့ပါတယ်”လို့ပြောပါတယ်။

ယာဉ်ရပ်နားခကောက်ခံတဲ့နေရာတွေကတော့ ဗိုလ်ချုပ်လမ်းတစ်လျှောက်၊ ပင်လုံလမ်းမတော်တစ်လျှောက်၊ ဘုရင့်နောင်လမ်း(ကလေးဝအထွက်ဆီဆိုင်မှ နတ်ချောင်းလမ်းမြို့သာဆိုင်းဘုတ်အထိ)၊ ဘုရားကြီးလမ်း (ဘုရင့်နောင်လမ်းထိပ်မှ တော်ဝင်ဆေးခန်းအထိ)၊ ကားလေးဝင်းအတွင်းရှိ ကားများညအိပ်ခွင့် နဲ့ ယာဉ်ရပ်နားခ၊ ကားကြီးဝင်းအတွင်းရှိ ကားများ ညအိပ်ခွင့် နဲ့ ယာဉ်ရပ်နားခ၊ တာဟန်းဈေးပတ်လည်ရှိလမ်းများ စသည်တို့ပါဝင်ပါတယ်။

မြို့တွင်းယာဉ်ရပ်နားခကောက်ခံခြင်းလုပ်ငန်းကို ဦးဆွေဦးက လေလံကြေး ကျပ် (၁၇၅ ဒသမ ၈၀)သိန်းဖြင့် ဝယ်ယူရရှိခဲ့ပါတယ်။

ကလေးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ၎င်းလူမှုကွန်ယက်စာမျက်နှာတွင် “ကလေးမြို့စည်ပင်မှ ထုတ်ပြန်ထားသော ဒီလေလံနှင့် အခွန်ကောက်ခံမည့်ကိစ္စ လွှတ်တော်ကိုယ်စားလှယ်များထံ တိုင်ပင်ဆွေးနွေးခြင်းလုံးဝမရှိပါ။ စည်ပင်ရဲ့ ရငွေသုံးငွေနှင့် စည်ပင်သာယာရေးကော်မတီကိစ္စရပ်များသည် တိုင်းဒေသကြီးနှင့် တိုက်ရိုက်သက်ဆိုင်သောကိစ္စဖြစ်သည့်အတွက် မနက်ဖြန် စည်ပင်ကော်မတီနှင့်မေးမြန်းပါမည်။ ကန့်ကွက်ပါမည်။ မရပါက တိုင်းလွှတ်တော်မှတဆင့် ပြောပါမည်” လို့ မနေ့ညက ရေးသားထားပါတယ်။

ဒါ့ပြင် ကလေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင် ကလည်း ၎င်းလူမှုကွန်ယက်စာမျက်နှာတွင် “ကလေးမြို့မြို့နယ်စည်ပင်သာယာရေးကော်မတီ မှလေလံတင်၍ ယာဉ်ရပ်နားခများ(စက်ဘီး/ဆိုင်ကယ်များအပါအဝင်)စတင်ကောက်ခံနေပြီဖြစ်ကြောင်းကြေညာမှသာသိရှိခဲ့ရပြီး ထိုလုပ်ငန်းကိစ္စအဝဝအပေါ်တစ်စုံတစ်ရာမှ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များမသိရှိခဲ့ရပါ။ သို့ဖြစ်ပါသောကြောင့် ပွင့်လင်းမြင်သာမှုမရှိခဲ့သော ထို ယာဉ်ရပ်နားခစတင်ကောက်ခံနေမှုကိစ္စများနှင့်ပတ်သက်၍သက်ဆိုင်ရာမိမိတို့လွှတ်တော်ကိုယ်စားလှယ်များ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များမြို့နယ်/ခရိုင် စည်ပင်သာယာရေးဦးစီးဌာနများ မြို့နယ်/ခရိုင် စည်ပင်သာယာရေးကော်မတီများနှင့်အမြန်ဆုံးတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့်အများပြည်သူအတွက်ဥပဒေဘောင်အတွင်းမှစနစ်တကျဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းလေးစားစွာအသိပေးအပ်ပါသည်” လို့မနေ့ညက ရေးသားဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်