ကလေးမြို့တွင် ကလေးငယ်တစ်ဦးကို ခိုးမှုနဲ့ရိုက်နှက်စစ်ဆေးကြရာမှ လက်လွန်ကာသေဆုံး

၂၀၂၁၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ၂၀၂၀ရွေးကောက်ပွဲ မဲမသမာမှုကိုအကြောင်းပြပြီး စစ်တပ်က တိုင်းပြည်ရဲ့အာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့ပါတယ်။

အဲ့ဒီအချိန်ကစလို့ နိုင်ငံတော်ရဲ့ စီးပွားရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေး စသဖြင့်အဖက်ဖက်က ယိုယွင်းပျက်စီးလာပြီးတိုင်းသူပြည်သားတွေအနေနဲ့လည်းအခြေခံ စားဝတ်နေရေး ဖြေရှင်းရာမှာ
ဒုက္ခပေါင်းမြောက်များစွာ ခံစားလာရတာယနေ့အချိန်ထိပဲ ဖြစ်ပါတယ်။

စားဝတ်နေရေး ကြပ်တည်းခက်ခဲလာတာနဲ့အမျှ ခိုးဆိုးလုနှိုက် ဓားပြတိုက်မှုတွေလည်းပေါများလာပြီး အဆိုပါရာဇဝတ်မှုတွေကိုအရေးယူမယ့်သူမရှိဘဲ မင်းမဲ့တိုင်းပြည်ပမာဖြစ်နေခဲ့တာ ၁ နှစ်ကျော် ၂နှစ်နီးပါးကာလကိုရောက်ရှိလာပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာလည်းထိုကဲ့သို့သော ဒုစရိုက်မှုတွေဟာယခုနှစ်အတွင်း ပိုမိုများပြားလာပြီးကလေးမြို့သူမြို့သားများအနေနဲ့လည်းစိုးရိမ်ကြောင့်ကြ ရတက်မအေးနိုင်ဖြစ်နေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

အနီးစပ်ဆုံးဖြစ်စဉ်အနေနဲ့ နိုင်ဝင်ဘာလ ၁ရက်နေ့မှာ ကလေးမြို့၊ကြို့သုံးပင်ရပ်ကွက်
နေ အသက် ၁၂နှစ်အရွယ်မောင်လျန်ရှမ်းမွောင် ဆိုသူဟာငွေသား ၁၀သိန်းကျပ်နဲ့ ၅သိန်းခန့်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ခိုးယူမှုနဲ့ ရပ်ကွက်သူ၊ရပ်ကွက်သားတစ်ချို့က ဖမ်းဆီးရမိခဲ့ပြီးရိုက်နှက်စစ်ဆေးရာမှ လက်လွန်ကာ ၁၂နှစ်သား မောင်လျန်ရှမ်းမွောင်တစ်ယောက် အသက်သေဆုံးခဲ့ရတယ်လို့ဒေသခံတွေဆီကနေသတင်းရရှိပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့ဒေသခံတွေဆီကို တိုက်ရိုက် ဆက်သွယ်မေးမြန်းစုံစမ်းခဲ့ရာမှာတော့…
မောင်လျန်ရှမ်းမွောင် (၁၂နှစ်)ဟာငယ်စဉ်ကတည်းက မိခင်ဆုံးပါးသွားခဲ့လို့ဖခင်ဖြစ်သူက နောက်အိမ်ထောင်ထပ်ပြုကာမိထွေးနဲ့အတူ နေထိုင်ခဲ့ရပြီး ကျောင်းစနေစဉ်အရွယ်ကတည်းက အတန်းဖော်များရဲ့ခဲတံ၊ခဲဖျက်၊ပေတံ စသဖြင့် ခိုးယူတတ်တဲ့အကျင့်ရှိခဲ့တယ်လို့ သူ့ရဲ့ကျောင်းနေဖက်
ကျောင်းသားမိဘတွဆီက သိရပါတယ်။

သူ့ရဲ့ မွေးမိခင်ဆုံးပါးစဉ်ကလည်းအိမ်ကနေ ၃ရက်ခန့် ပျောက်ဆုံးခဲ့ဖူးတယ်လို့နီးစပ်သူတွေက ပြောပါတယ်။

မောင်လျန်ရှမ်းမွောင်ရဲ့ ဖခင်နဲ့ မိထွေးဖြစ်သူဟာအရက်သေစာသောက်စားတတ်သူတွေလို့သိရပြီး မောင်လျန်ရှမ်းမွောင်ကိုလည်းမကြာခဏ ရိုက်နှက်ဆုံးမတတ်တယ်လို့သိရပါတယ်။

မောင်လျန်ရှမ်းမွောင်ဟာ ကိုဗစ် ကပ်ရောဂါကြောင့် အစိုးရကျောင်းများယာယီရပ်နားခဲ့ချိန်ကစလို့ ကျောင်းမနေတော့ဘဲ လမ်းပေါ်မှာပေတေလေလွင့်နေခဲ့ပြီး သူ့ထက်အသက်အရွယ်ကြီးရင့်တဲ့ လူတွေနဲ့ပေါင်းသင်းတတ်လာပြီးမူးယစ်ဆေးသုံးစွဲကာ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတဲ့အဆင့်ထိ ဖြစ်လာတယ်လို့သူ့ရဲ့ဆွေမျိုးအသိုင်းအဝိုင်းတွေဆီကသိရပါတယ်။

၂၀၂၂၊နိုဝင်ဘာလ ၁ရက်နေ့မှာအိမ်တစ်အိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီးငွေသား ၁၀သိန်းခန့်နဲ့ ကျပ်၅သိန်းတန်ဖိုးရှိတဲ့ ပစ္စည်းတစ်ချို့ ခိုးယူမှုနဲ့ရပ်ကွက်သားတစ်ချို့မှ ဖမ်းဆီးရမိကာမောင်လျန်ရှမ်းမွောင်ကို ယခင်ခိုးယူခဲ့တဲ့ငွေကြေးပစ္စည်းများ ဘယ်နေရာမှာဖွက်ထားလဲ၊သူနဲ့ အလိုတူအလိုပါ ခိုးယူတဲ့သူတွေကဘယ်သူတွေလဲ စသဖြင့် မေးမြန်းစစ်ဆေးခဲ့ကြပါတယ်။

ထိုသို့ မေးမြန်းစစ်ဆေးချိန်မှာလည်းမောင်လျန်ရှမ်းမွောင်က ခေါင်းမာနေခဲ့လို့သစ်သားတုတ်ချောင်းများနဲ့ရိုက်နှက်စစ်ဆေးခဲ့ကြပါတယ်။ အဲ့ဒီနောက် ကလေးမြို့က ZYA – Zomi Youth Association (ဇိုမီးလူငယ်များအသင်း)ဆီအပ်နှံခဲ့ကြပါတယ်။ ZYA လူငယ်ခေါင်းဆောင်တစ်ဦးကလည်း အဆိုပါမောင်လျန်ရှမ်းမွောင်ဟာ ယခင်ကလည်း ခိုးမှုနဲ့၃ကြိမ်တိုင်တိုင် ဖမ်းဆီးရမိခဲ့ပြီးသတိပေးတဲ့အဆင့်လောက်နဲ့ ပြန်ပြန်လွှတ်ပေးခဲ့ဖူးတယ်လို့ပြောပါတယ်။

ထို့နောက် သစ်သားတုတ်ချောင်းများနဲ့၁နာရီခန့် ရိုက်နှက်ခဲ့ကြရာမှလက်လွန်ကာ မောင်လျန်ရှမ်းမွောင် ဟာနေရာမှာပဲ သေဆုံးခဲ့တယ်လို့မျက်မြင်တွေ့ရှိသူ ဒေသခံတွေကပြောပါတယ်။

ထိုကဲ့သို့ အသက်မပြည့်သေးတဲ့ကလေးငယ်တစ်ဦးကို အသက်အရွယ်ကြီးရင့်တဲ့ လူကြီး ၄ဦး၊ ၅ဦးခန့်ကတုတ်ကြီးတွေနဲ့ ဝိုင်းဝန်းရိုက်နှက်ကြတာဟာကလေးသူငယ်အကြမ်းဖက်မှုမြောက်တယ်လို့ ကလေးမြို့က ဒေသခံသင်းအုပ်ဆရာတစ်ဦးက ဆိုပါတယ်။

အဆိုပါ သင်းအုပ်ဆရာက “ဘယ်လိုမှကို လက်ခံလို့မရပါဘူး။ ခိုးမှုကျူးလွန်လို့ အပြစ်ပေးအရေးယူမယ်ဆိုရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ ဥပဒေဘောင်ထဲကနေချိတ်ဆက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အခုလိုမျိုး ရိုက်နှက်စစ်ဆေးတယ်ဆိုတာဟာသူတို့ကိုယ်တိုင်က ရာဇဝတ်မှုတစ်ခုကိုပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်တာဖြစ်ပါတယ်။ ပြီးတော့ ၁၂ နှစ်အရွယ်ဆိုတာ
ပြုပြင်ပြောင်းလဲပေးလို့ ရသေးတဲ့အရွယ်ပါ။ ဒါကို ထစ်ခနဲရှိ ရိုက်မယ်နှက်မယ်ဆိုပြီးလုပ်ကြလို့ ကလေးတစ်ယောက်အသက်ဆုံးရှုံးခဲ့ရပါပြီ။ ဘယ်လိုမှခွင့်လွှတ်လို့မရတဲ့ အကြမ်းဖက်မှုလို့မြင်ပါတယ်။
ပြီးတော့ ချင်းလူမျိုးဆိုတာ ခရစ်ယာန်ဘာသာဝင်တွေများပါတယ်။ သူတို့ရဲ့ လုပ်ရပ်ဟာ
ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ရော၊ချင်းလူမျိုးတွေအနေနဲ့ရောအရမ်းကို အရုပ်ဆိုး အကျည်းတန်လွန်းပါတယ်။ ဒီလို ကလေးငယ်တစ်ဦး စာရိတ္တပျက်ပြားရခြင်းဟာ အုပ်ထိန်းသူမိဘတွေရဲ့အသုံးမကျမှုကြောင့်ဖြစ်သလို ကျွန်တော်တို့ရဲ့အသင်းတော်တွေမှာလည်း တာဝန်မကင်းပါဘူး။ေ နာက်တစ်ခုက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဇိုမီး မီဒီယာတစ်ခုကနေလွန်ခဲ့တဲ့ ၃ရက်လောက်က ရေးတင်လာတဲ့ ကိစ္စပေါ့။ သူရေးတဲ့ပုံက မသိရင် အဲ့ဒီကလေးကပဲခိုးမှုကျုးလွန်ပြီးတဲ့အချိန်မှာရုတ်တရက်အသက်ထွက်သွားသလိုရေးထားတယ်။ ဘာလို့သေရတယ်ဆိုတဲ့အကြောင်းအရင်းကို တစ်စွန်းတစ်စလေးတောင်မရေးထားဘူး။ ဘယ်သူ့လက်ချက်လဲ၊ဘယ်သူတွေက သတ်တာလဲဆိုတာမွန်းလိုင်တစ်ဝိုက်က လူတော်တော်များများသိပြီးသားပဲ။ အဲ့ဒါကို အဲ့ဒီဇိုမီး မီဒီယာနဲ့လက်ဝါးချင်းရိုက်ပြီး သူတို့ကိုယ်သူတို့
ကာဗာယူတာလို့ ယူဆမိပါတယ်။ ဒါပေမယ့် မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ သူတို့စိုက်ခဲ့တဲ့အတိုင်းတစ်ချိန်မှာ သူတို့ပြန်ရိတ်ရမှာပါ။” လို့ပြောပါတယ်။

မောင်လျန်ရှမ်းမွောင်ရဲ့ ရုပ်အလောင်းကိုမိသားစုဝင်တွေကပဲ မြေမြုပ်သဂြိုလ်ပေးခဲ့ကြပါတယ်။
ဗီဒီယိုမှတ်တမ်းတွေအရမောင်လျန်ရှမ်းမွောင်ရဲ့ ရုပ်အလောင်းခန္ဓာကိုယ်ပေါ်မှာ ထုထောင်းရိုက်နှက်ထားတဲ့ဒဏ်ရာဒဏ်ချက်တွေဟာ တစ်ကိုယ်လုံးနီးပါးရှိနေပြီးသူ့ရဲ့ အသိမိတ်ဆွေတွေကိုယ်တိုင်တောင်ရုတ်တရက် မမှတ်မိလောက်အောင်ကိုရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်လို့လည်းထပ်လောင်းသိရပါတယ်။

ဒါ့အပြင်မောင်လျန်ရှမ်းမွောင် သေဆုံးရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ ယမန်နေ့ကအဦးဆုံး ရေးတင်ထားတဲ့ ဇိုမီးမီဒီယာတစ်ခုကိုလည်း ဒေသခံများက ဝိုင်းဝန်းဝေဖန်ရှုံ့ချခဲ့ကြပါသေးတယ်။

 

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်