အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နဲ့ ဝန်ကြီးများရုံးသွားရင် ဖုန်းနဲ့ ဘောပင်အပါအဝင် ပစ္စည်း ၁၀ မျိုး ယူဆောင်ခွင့်မပြု

ဇူလိုင် ၉၊ ၂၀၂၆
Zalen

လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန်မြို့က အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နဲ့ ဝန်ကြီးများရုံးတို့ဆီ လာရောက်ကြမယ့် ပြည်သူတွေကို ဖုန်းအပါအဝင် ကန့်သတ်ပစ္စည်း ၁၀ မျိုး ယူဆောင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ ဇူလိုင် ၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

လက်ကိုင်ဖုန်း၊ ကင်မရာ၊ အလံ၊ အလံစိုက်ထူဖို့သုံးတဲ့ တုတ်နဲ့ ပိုက်တွေ၊ ဗီနိုင်း၊ ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်းအမျိုးမျိုး ၊ ပုလင်းနဲ့ ဘူးအမျိုးမျိုး၊ လက်ကိုင်အိတ်၊ မီးခြစ်နဲ့ ဘောလ်ပင်တို့ကို ယူဆောင်ခွင့် ပိတ်ပင်ထားတာပါ။

Zalen ad

ဒါ့အပြင် ဒရုန်း (Drone) တွေ ယူဆောင်လာတာနဲ့ လွှတ်တင်တာတွေကိုပါ လုံးဝကန့်သတ်တားမြစ်ထားတယ်လို့ သိရပါတယ်။

အာဇာနည်နေ့မှာ ပြည်သူတွေ အဓိကသွားရောက်လေ့ရှိတဲ့ အဲဒီနေရာ ၃ ခုလုံးကို ဝင်ရောက်ဖို့အတွက် သွားရောက်သူရဲ့ နာမည်၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာနဲ့ ဖုန်းနံပါတ်စတဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးရမှာဖြစ်ပြီး ဝင်ခွင့်ရဖို့ မိမိဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေပြနိုင်မယ့် အထောက်အထားကတ်ပြား တခုခုကိုလည်း ယူဆောင်လာရမယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဇာနည်နေ့ အခမ်းအနားတွေမှာ ခုလို တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ ဆက်တိုက်လုပ်ဆောင်လာတာကြောင့် အာဇာနည်ကိုးဦးနဲ့ ပတ်သက်တဲ့ နေရာတွေကို သွားရောက်ဂါရဝပြု လေ့လာသူဦးရေဟာ နှစ်စဉ် သိသိသာသာ လျော့ကျလာနေပါတယ်။

ပြီးခဲ့တဲ့နှစ် အာဇာနည်နေ့အခမ်းအနားမှာလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကလည်း အာဇာနည်နေ့မတိုင်ခင် ဇူလိုင် ၁၃ ရက်နေ့ကတည်းက မြို့နယ်အသီးသီးနဲ့ မြို့ဝင်မြို့ထွက်တွေမှာ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးတာတွေ အပြင်းအထန် လုပ်ဆောင်ခဲ့ပါတယ်။

အခုလို အာဇာနည်နေ့ နီးကပ်လာချိန်မှာ စစ်ကောင်စီဘက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်ထုတွေကို လိုက်လံဖျက်ဆီး ဖယ်ရှားတာတွေ လုပ်ဆောင်နေပြီး အခုနှစ် ဇွန်နဲ့ ဇူလိုင်လထဲမှာတင် ရန်ကုန်၊ မကွေး၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်းနဲ့ နေပြည်တော်တို့မှာ ဗိုလ်ချုပ်ရုပ်ထု ၇ ရုပ် ဖြိုဖျက်ခံခဲ့ရပါတယ်။

ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီး ရုပ်ထုတွေကို ဖျက်ဆီးဖို့ ညွှန်ကြားသူတွေနဲ့ ပူးပေါင်းပါဝင်သူ အားလုံးကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဇူလိုင် ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

မက်ဂရီဂေါ်နဲ့ မက်စ် ဟော်လိုဝေးတို့ ၁၃ နှစ်အကြာ ပြန်လည်တွေ့ဆုံမယ့် UFC 329 ပွဲစဉ် ဇူလိုင် ၁၁ ရက်မှာ ကျင်းပမယ်

ဇူလိုင် ၉ ၊ ၂၀၂၆ Zalen ပရိသတ်များ စောင့်မျှော်နေကြတဲ့ MMA စူပါစတားနှစ်ဦးဖြစ်ကြတဲ့ Conor McGregor နဲ့ Max Holloway တို့ရဲ့ ဒုတိယအကြိမ် ပြန်လည်တွေ့ဆုံမယ့် UFC 329 ပြိုင်ပွဲကို ...

ဆက်ဖတ်ရန်