ကလေးမြို့နယ်မှာ ငွေကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

ချစ်ခြင်းနွေ

၂၄၊ အောက်တိုဘာ၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်းကျေးရွာ စစ်ကောင်စီဂိတ်မှာ အောက်တိုဘာလ ၁၈ရက်နေ့က ငွေကျပ် ၃ ဒသမ ၆၉ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနဲ့ စိတ်ကြွမူးယစ်ဆေးပြား အရေအတွက် ၁၀သိန်းကျော်  ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာမှာ အောက်တိုဘာ ၂၄ရက်တွင် ဖော်ပြထားပါတယ်။

မန္တလေးမြို့ကနေ ကလေးမြို့ကိုမောင်းနှင်လာတဲ့ မော်တော်ယာဉ်ကိုစစ်ဆေးချိန်မှာ ဆပ်ပြာခွက် ၃၃၀၀ အတွင်းကနေ ဘိန်းဖြူ ၃၃ ကီလိုနဲ့ စိတ်ကြွရူးသွပ်ဆေး ပြား ၁၀ ဒသမ ၂ သိန်းကို အခုလို ဖမ်းဆီရမိခဲ့တာဖြစ်တယ်လို့  ကြေးမုံသတင်းစာမှာ ပါရှိပါတယ်။

မော်တော်ကားယာဉ်မောင်းဖြစ်သူအပါအ၀င် ယာဉ်နောက်လိုက်နဲ့  မူးယစ်ဆေးဝါးရောင်းဝယ်ရေးမှာပါဝင်တဲ့သူတွေကို ဖမ်းဆီးထားတယ်လို့လည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိတဲ့ တရားမဝင်မူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ်ကနေ စစ်ကိုင်းတိုင်းကို သယ်ဆောင် လာတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ပြီး  ဖမ်းဆီးရမိတဲ့သူတွေကို ဉပဒေအရ အရေးယူထားသလို ကွင်းဆက်ကျူးလွန် သူတွေကို ဆက်လက်ဖော်ထုတ်သွားမယ်လို့ ကြေးမုံသတင်းစာက ဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူဦးရေဟာ တဖြည်းဖြည်း တိုးလာပြီး ငွေကြေးအနည်းငယ်နဲ့ လွယ်လွယ်ကူကူ ဝယ်ယူလို့ရလာတာကြောင့် သုံးစွဲသူတွေ ပိုများလာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ကျွန်တော်တို့ဆီမှာ အရင်ကထက် သုံးတဲ့သူပိုများလာတယ်။ တချို့နေရာတွေ ဆေးထိုးအပ်တွေက ပြန့်ကျဲနေတာတွေ ရှိတယ်။ WY တွေဆို ဘယ်နားဝယ်ဝယ် ရနေတဲ့ အနေအထားဆိုတော့ အခုလို အသုံးများလာကြတာပေါ့ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုနောက်ပိုင်းမှာ မူးယစ်သုံးစွဲသူတွေဟာ လူမြင်ကွင်းတွေမှာပါ ပေါ်ပေါ်ထင်ထင် သုံးစွဲလာတာတွေရှိလာတာကြောင့် တခြားလူငယ်တွေ အတုယူမှာကို စိုးရိမ်မိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ သုံးချင်ရင် လူမမြင်နိုင်တဲ့နေရာတွေ သွားသုံးစေချင်တယ်၊ ကျွန်မမှာလည်း သားသမီးတွေရှိတော့ လူငယ်တွေကို အတုယူမမှားစေချင်ဘူး။ အခုက ပန်းခြံလိုမျိုး လူသွားလာများတဲ့ နေရာတွေမှာပါ သုံးလာတာတွေရှိတော့လေ။ အဲ့လို ပေါ်တင်သုံးနေတာကြတော့ စစ်ကောင်စီတပ်တွေ မဖမ်းပါဘူး။ အဲလိုလူတွေကျ လွတ်ထားပြီး ကောင်းကောင်းမွန်မွန် သွားလာနေတဲ့ လမ်းသွားလမ်းလာ လူငယ်တွေကျတော့ စစ်ဆေးတာတို့၊ ဖမ်းတာတို့ လုပ်တယ်။ ” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ကလေးမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာတဲ့ ကလေးမြို့မှာ နေ့စဉ်နဲ့အမျှ ဆိုင်ကယ်ပျောက်တာ၊ ပစ္စည်းတွေ ပျောက်တာ၊ ဖုန်းပျောက်တာ ဖြစ်နေပြီး လုယက်မှုတွေနဲ့လည်း ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်