ကလေးမြို့ ပုဒ်မ ၅၉(စ) ထိန်းသိမ်းကာကွယ်ရေး ဆန္ဒဖော်ထုတ်ပွဲမှာဒေါ်ခင်ဝိုင်းကြည်လည်းပါဝင်

 

ကလေးမြို့ ပုဒ်မ ၅၉(စ) ထိန်းသိမ်းကာကွယ်ရေး ဆန္ဒဖော်ထုတ်ပွဲမှာဒေါ်ခင်ဝိုင်းကြည်လည်းပါဝင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအတွက် ဒီမနက် (၈)နာရီကစပြီး (၁၁)နာရီထိ ဆန္ဒပြပွဲကျင်းပပါသည်။

ယင်းဆန္ဒပြပွဲကို ရွှေဘုံသာဘုရားကြီးဘောလုံးကွင်းမှာစုရပ်သတ်မှတ်ပြီး ဗိုလ်ချုပ်ကြေးရုပ်နဲ့ အာဇာနည်ကျောက်တိုင်ဝင်းမှာ ပြီးဆုံးသွားပါသည်။ ၎င်းဆန္ဒပြပွဲကို ကလေးမြို့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကဦးဆောင်ပြီး ကလေးခရိုင် ကလေးဝ၊ မင်းကင်း၊ တမူးဘက်ကပြည်သူတွေအပါအဝင် လူဦးရေ နှစ်ထောင်ဝန်းကျင်ကဆန္ဒဖော်ထုတ်ကြပါသည်။

ယင်းဆန္ဒပြပွဲသို့ ဒေါ်ခင်ဝိုင်းကြည်ကလည်းပါဝင်ဟောပြောခဲ့ပါသည်။

ကလေးမြို့နယ် တ.စ.ညပါတီအကြီးအကဲတစ်ဦးလည်းဖြစ် ဆန္ဒဖော်ထုတ်ပွဲ၏တာဝန်ခံတစ်ဦးဖြစ်သော ဦးအောင်မိုးက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့ပြင်ဆင်ရေးနဲ့ ပုဒ်မ ၅၉(စ)ကို ကာကွယ်စောင့်ရှောက်ရေးပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတတို့၊ ဒုသမ္မတတို့ဆိုတာ နိုင်ငံတော်ရဲ့အထွဋ်အထိပ်လေ။ ဒါလည်းဗိုလ်ချုပ်ချမှတ်ထားတဲ့စည်းကမ်းချက်ပဲလေ။ ဒါကို ကျနော်တို့လိုက်နာတဲ့အနေနဲ့ ကာကွယ်တာပါ။ ပြင်တာမပြင်တာလွှတ်တော်ကိစ္စ။ မကြိုက်တဲ့ပြည်သူတွေ ရှိတယ်ဆိုတာပြချင်တာ။ ဗိုလ်ချုပ်လမ်းပြတာ ဆက်ထောက်ခံတာပဲ” ဟုပြောပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စတော်ကို ခံယူစောင့်ရှောင်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများမဖြစ်စေရ၊ ဟုဖော်ပြထားပါသည်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်