
ဇူလိုင် ၁၁၊ ၂၀၂၆
Zalen
မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) ကနေ အင်အား ၆၀၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်း နှစ် ကြောင်းဟာ ရိက္ခာနှင့် လက်နက်ခဲယမ်းတွေ သယ်ဆောင်လာပြီး ယောဒေသဘက်ကို ဦးတည်ထွက်ခွာလာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
စစ်အင်အား ၄၀၀ ခန့် နဲ့ ၁၀ ဘီးကား အပါ အဝင် စစ်ကားကြီး ၅ စီးပါဝင်တဲ့ ပထမစစ်ကြောင်းဟာ ကပစ ၂၄ အနောက်ဘက်ရှိ ပလောင်းကျေးရွာ ကနေထွက်ခွာလာပြီး ဆောမြို့နယ်၊ ကျောက်ထုအမှတ် (၃၆၈) အမြောက် တပ်ကို စစ်ကြောင်းထိုး၀င်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
“ပလောင်းဘက်ကလာတဲ့စစ်ကြောင်းက အမတ ၃၆၈ တပ်ရင်းထဲကို သုံးရက်နဲ့အရောက်သွားဖို့ ရှိတယ်တဲ့။ အဲဒီကနေ မင်းတပ်ဘက်ကို ထပ်ပြီး အင်အားဖြည့်မယ်လို့တော့ ကြားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Zalen ကို ပြောပါတယ်။
ဒါ့အပြင် အင်အား ၂၀၀ ခန့် နဲ့ စစ်ကား ၄ စီးပါဝင်တဲ့ ဒုတိယစစ်ကြောင်းကလည်း ပေါက်မြို့နယ်အနောက်မြောက်ပိုင်း ထန်းပင်ချောင်းရွာကနေ ပုံတောင်ခြေရင်းရှိ ရေဖြူရွာကို ဝင်ရောက်နေပြီးထီးလင်းမြို့နယ်အတွင်း စစ်ကြောင်း၀င်ရောက်နိုင်တယ်လို့ပြောပါတယ်။
“ဒီစစ်ကြောင်းကထီးလင်းက ကျင်းပုံတောင်နတ်ထိပ် စစ်ကောင်စီကင်းစခန်းဘက် ဝင်ရောက်လာနိုင်တယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အလားတူ အတည်ပြုဆဲသတင်း တွေအရစလင်းမြို့နယ်အခြေစိုက် ခလရ (၂၅၃)၊ (၂၅၄)၊ (၂၅၅) တပ်ရင်းသုံးခု ကနေထုတ်နုတ်အင်အား၊ ပြည်သူ့စစ်မှုထမ်းတွေ အပါအဝင် အင်အား ၃၅၀ ခန့်ကလည်း ဆောမြို့နယ်၊ လောင်းရှည်မြို့ လာရောက်ရန်ရှိနေတယ်လို့ သိရပါတယ်။
” အခု လောင်းရှည်ဘက်က နေဆောကိုလာမယ် ။ဆောကနေကန်ပက်လက်ကို ဖြည့်မယ်ပေါ့။ပြီးတော့ အမတ ၃၆၈ ကနေတဆင့် မင်းတပ်ကိုထပ်ဖြည့်မယ်။အဲလို စစ်ကြောင်းတွေ ထပ်လာနေတာဖြစ်မယ်” လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်း တွေ၀င်ရောက်နေတဲ့ လမ်းတလျှောက်ရှိ ဒေသခံပြည်သူများအနေနဲ့ သွားလာနေထိုင်ရေး ကြိုတင်သတိပြုကြဖို့ စစ်ရေးသတင်းတွေက အသိ ပေးထားတယ်လို့သိရပါတယ်။
သတင်း – ယောနေ



