ဇူလိုင် ၁၁၊ ၂၀၂၆
Zalen
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ရေကြောင်းကနေ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (ULA/AA) က မနေ့ ဇူလိုင်လ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
မနေ့ ဇူလိုင်လ ၁၀ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်မှာ အရပ်သားတွေ နေထိုင်တဲ့ ဂွမြို့နယ်၊ ပေါက်တူးကျေးရွာနဲ့ ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာတို့ရှိ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ပေါက်တူးကျေးရွာရှိ စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာမှာလည်း အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသူများမှာ မောင်ဖိုးသားလေး (၃ နှစ်)၊ ဦးညွန့်မောင် (၅၄ နှစ်)၊ ဒေါ်မမလေး (၅၃ နှစ်) နှင့် ဦးအောင်သူဖြိုး (၃၀ နှစ်) တို့ ဖြစ်ကြသည်။ ဒဏ်ရာရရှိသူများမှာ ဒေါ်သန်းမြ (၆၃ နှစ်) နှင့် မဝါဆိုမိုး (၁၇ နှစ်) တို့ဖြစ်ကြပါတယ်။
လက်ရှိမှာ အာရက္ခပြည်အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
သဘာဝဘေးအန္တရာယ်သင့် ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ အခုလို တိုက်ခိုက်မှုတွေ ပြုလုပ်ခြင်းအပေါ် ULA/AA က ပြင်းထန်စွာ ရှုတ်ချထားပါတယ်။
သတင်း-ဆလိုင်း
#ဂွမြို့နယ် #စစ်ကောင်စီတပ် #တိုက်ခိုက် #အရပ်သားသေဆုံး #Zalen




