ခရီးသွားဧည့်သည်တွေမရှိတော့ ဒေသခံတွေဝင်ငွေမရှိလို့ ခေါနူးစုမ်အမျိုးသားဥယျာဉ်ထဲက သားငှက်တိရိစ္ဆာန်တွေ ထောင်ချောက်ဆင်တာတွေပိုများလာ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေါနူးစုမ်အမျိုးသားဥယျာဉ်ပိတ်ထားလို့ ဒေသခံတွေ ဝင်ငွေရလမ်းမရှိတော့တာကြောင့် အမျိုးသားဥယျာဉ်ထဲက သားငှက်တိရိစ္ဆာန်တွေ ထောင်ချောက်ဆင်ဖမ်းဆီးမှုပိုများလာတယ်လို့ သတင်းရရှိပါတယ်။

ချင်းပြည်နယ်ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ခေါနူးစုမ်တောင်ဟာ ကိုဗစ်ကြောင့် မတ်လကစပြီး ခုချိန်ထိ ခရီးသွားဧည့်သည်ဝင်ခွင့်ပိတ်ထားပါတယ်။

ခေါနူးစုမ်တောင်အုပ်ချုပ်ရေးရုံး တောအုပ်ကြီး ဒေါ်လိန်းရှိန်းမံက “ဧည့်သည်တွေမရှိတော့ ဒေသခံ ဆိုင်ကယ် ကယ်ရီအဖွဲ့က တစ်ဖက်က ဝင်ငွေမရတော့ဘူးလေ။ မရတဲ့ခါကျတော့ တချို့က ကျမတို့အမျိုးသားဥယျာဉ်မှာရှိတဲ့ သားငှက်တိရိစ္ဆာန်ကို မုဆိုးလိုက်တာတို့ ကြော့ကွင်းထောင်တာတို့ အဲ့ဒါတွေဝင်လာတယ်။ ကျမတို့ဌာနက အလုပ်မပျက်ဘူး။ ခုချိန်ဆိုလုံးဝမရပ်အနား အဖွဲ့သားတွေက ကင်းလှည့်တယ်။ သူတို့ထောင်ချောက်တွေကိုတွေ့တယ်။ အဲ့ဒါကိုဖြုတ်တယ်။ အဲ့လိုရှိလာတာပေါ့။ သစ်တောဘက်ကိုပြန်ပြီးမှပြန်ပြောင်းကြတယ်။ ကျနော်တို့ဌာနက တော်တော်ကျပ်မတ်နေရတယ်။ ထောင်ချောက်ဆင်တဲ့သူကိုတော့ လက်ပူးလက်ကျပ်မမိသေးဘူး။ မိရင်တော့ သစ်တောဥပဒေနဲ့အရေးယူမယ်” လို့ပြောပါတယ်။

ခေါနူးစုမ်တောင်ကို ရောက်လာတဲ့နိုင်ငံခြားသားတွေဟာ ရှားပါးတိရိစ္ဆာန်မျိုးစိတ်တွေကြည့်ရှုဖို့ရောက်လာတဲ့သူတွေလည်းရှိပါတယ်။

ဒါ့ပြင် ခေါနူးစုမ်တောင်တွင် ကိုဗစ်ရောဂါကင်းရှင်းပြီး ခရီးသွားဧည့်သည်တွေပြန်လည်စည်ကားလာရင် ခြေလျင်နဲ့တောင်ထိပ်ထိတက်နိုင်မယ့် လမ်းကြောင်းသစ်ကို ရှာဖွေတွေ့ရှိထားတယ်လို့သိရပါတယ်။

ယင်းခြေလျင်လမ်းဟာ ၁၀ မိုင်ကနေ တောင်ထိပ်ထိ ၄ မိုင်ကျော်သွားရမှာဖြစ်သလို ကြားတွင် အနားယူနိုင်ဖို့ကွပ်ပျစ်တွေလည်း စီစဉ်ထားကြတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်