ချင်းပြည်နယ်တွင် လေပြင်းတိုက်လို့ လူနေအိမ် (၈၀)ကျော်အမိုးလန်ပျက်စီး

 

ချင်းပြည်နယ်တွင် လေပြင်းတိုက်လို့ လူနေအိမ် (၈၀)ကျော်အမိုးလန်ပျက်စီး

ချင်းပြည်နယ် တီးတိန်၊ ကျီးခါး၊ တွန်းဇံ၊ မတူပီ၊ မင်းတပ်၊ ပလက်ဝ နဲ့ စစ်ကိုင်းတိုင်း ခမ်းပတ်မြို့တွေမှာ မတ်လ (၃၁)ရက်ညနေပိုင်းမှာ မိုးနဲ့လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ်၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံးတွေ အမိုးလန်မှုဖြစ်ပွားကြောင်း သတင်းရရှိပါတယ်။

တီးတန်မြို့နယ် စေဇန်ရွာမှာ လူနေအိမ် တစ်လုံး၊ လွန်မွာလ်ရွာတွင် လူနေအိမ် (၅)လုံး အမိုးလန်သွားတယ်လို့ မြို့နယ်ထွေအုပ်ရုံးကနေသတင်းရရှိပါတယ်။ ကျီးခါးမြို့ ဟိုင်ကျင်းရွာတွင်လူနေအိမ် (၁၇)လုံးနဲ့ ဘုရားရှိခိုးကျောင်း (၃)ကျောင်း အမိုးလန်ပျက်စီးပြီး၊ တွန်းဇံမြို့နယ် တွီးတူမ်းရွာမှာ လူနေအိမ်တစ်လုံး အမိုးလန်ပျက်စီးပါတယ်လို့ မြို့နယ် ပြန်၊ဆက်ကသတင်းထုတ်ပြန်ထားပါတယ်။

မတူပီမြို့နယ်အတွင်းရှိ ဖနိုင်ကျေးရွာတွင် လူနေအိမ်(၅)လုံး၊ ဘုန်းကြီးကျောင်းဆောင်(၁)ဆောင်၊ ကျေးလက်ဆေးပေးခန်းတို့ အမိုးလန်ပျက်စီးသွားကြောင်း၊ ငလိုင်ကျေးရွာတွင် လူနေအိမ်(၈)လုံးနှင့်ဘုရားကျောင်း(၂)ကျောင်း၊ ပါမိုင်းကျေးရွာတွင် လူနေအိမ်(၁၄)လုံး၊လေဆင်းကျေးရွာ၌ လူနေအိမ်(၄)လုံး ဘလေးကျေးရွာတွင် လူနေအိမ်(၁)လုံး၊ လုံငိုးကျေးရွာတွင် လူနေအိမ်(၈)လုံး၊ လွီဗန်းကျေးရွာတွင် လူနေအိမ်(၂)လုံး နှင့်ခြန်းပြန်းကျေးရွာတွင် လူနေအိမ် (၆)လုံးတို့ အမိုးလန်ပျက်စီးသွားကြောင်း၊ မတူပီမြို့နယ် လိုင်လင်းပီမြို့၌လည်း လူနေအိမ်(၃)လုံးနှင့်စာသင်ကျောင်းဆောင်(၂)ဆောင် အမိုးလန်ပျက်စီးကြောင်း မတူပီမြို့နယ် ပြန်၊ဆက်က သတင်းထုတ်ပြန်ထားပါတယ်။

မတူပီမြို့ ဒေသခံတစ်ဦးက “လေကတော်တော်ပြင်းတယ်။ အိမ်လည်းလှုပ်လာတယ် မနေရဲမထိုင်ရဲဖြစ်အောင်လှုပ်သွားတယ်” လို့ပြောပါတယ်။

မင်းတပ်မြို့နယ် ရပ်ဒုတ်ကျေးရွာတွင် အိမ် (၃)လုံး၊ စပါးကျီး(၈)လုံး၊ ဘွေရှိရွာတွင် အိမ် (၂)လုံး အမိုးလန်ပါတယ်။

ပလက်ဝမြို့နယ် မီးဇာကျေးရွာ ပီတောင်စစ်ဘေးရှောင်းစခန်းမှာ အိမ် (၂)လုံး၊ ကုန်ပြင်စစ်ဘေးရှောင်စခန်းမှာ အိမ် (၃)လုံးအမိုးလန်သွားတယ်လို့ ပီတောင်စစ်ရှောင်ပြည်သူတွေထံမှသတင်းရရှိပါတယ်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တမူးမြို့နယ် ခမ်းပတ်မြို့ အမှတ်(၁)ရပ်ကွက်ရှိ အလယ်တန်းကျောင်းခွဲမှ သွပ်မိုး (၁၀၀)ပြားအမိုးလန်သွားပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီလ(၄)ရက်ထိ ချင်းပြည်နယ်အပါအဝင် ဒေသ (၁၀)ခုတွင် အချိန်အခါမဟုတ်မိုးရွာနိုင်ပြီး၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်ခြင်း၊နဲ့ မိုးသီးကြွေခြင်းစသည်တို့ဖြစ်ပေါ်နိုင်တယ်လို့ မတ်လ (၂၉)ရက်က ကြိုတင်သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းများ

ကာနန်ရွာကိုလေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် အခုထိ ဘုရားကျောင်းမတက်ရဲဘဲစိတ်ဒဏ်ရာခံစားသူတွေလည်းရှိ

၁၈၊ ဧပြီလ၊ ၂၀၂၄ Zalen တမူးမြို့နယ်၊ ကာနန်ကျေးရွာကို စစ်ကောင်စီလေယာဉ်က ဇန်နဝါရီလ ၇ ရက် မနက် ၁၀နာရီခွဲမှာ ဗုံးလေးလုံးကြဲချပြီးနောက် ယနေ့ထိ ဘုရားကျောင်းမလာရဲဘဲ စိတ်ဒဏ်ရာခံစားနေတဲ့သူတွေလည်းရှိတယ်လို့ စိန့်ပီတာနှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာကပြောပါတယ်။ ပထမအကြိမ်ကို စိန့်ပီတာနှစ်ခြင်းဘုရားကျောင်းနဲ့ကပ်ရပ် ...

ဆက်ဖတ်ရန်