ချင်းပြည်နယ်ရဲ့ (၇)နေရာမြောက်လေယာဉ်ကွင်းကို ကန်ပက်လက်မြို့နယ်တွင် ကနဦးတိုင်းတာ

၂၀၁၉၊ အောက်တိုဘာ (၁၂)

ချင်းပြည်နယ်ရဲ့ (၇)နေရာမြောက် လေယာဉ်ကွင်းအတွက် ကန်ပက်လက်မြို့နယ်တွင် လေကြောင်းပို့ဆောင်ရေးဌာနမှ ကနဦးကွင်းဆင်းတိုင်းတာနေကြောင်း သတင်းရရှိပါတယ်။

လေယာဉ်ကွင်းကို အောက်တိုဘာ (၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ သုံးရက်ကြာ ကွင်းဆင်းလေ့လာကြပါတယ်။

လေယာဉ်ကွင်းတိုင်းတာတဲ့နေရာမှာ ကန်ပက်လက်မြို့မှ ၄ မိုင်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ မြင့်တဲ့ အနုံးစုမ်တောင်တွင်ဖြစ်ပါတယ်။ လေယာဉ်ပြေးလမ်းအတွက် ကနဦးလျာထားချက်မှာ အလျားပေ ၃၀၀၀၊ အကျယ်ပေ ၁၀၀ ဖြစ်ပြီး အသေးစားလေယာဉ်တွေဆင်းသက်နိုင်မှာဖြစ်ပါတယ်။

ကန်ပက်လက်မြို့နယ် အမျိုးသားလွှတ်တော် ဒေါ်ခင်ဆွေလွင်က “လေယာဉ်ကွင်းက အခုလုပ်မယ်ဆိုတာလည်းမဟုတ်ပါဘူး။ ကနဦး နေရာရှာဖွေတဲ့အဆင့်လောက်ပဲရှိသေးတယ်။ နောင်အနာဂတ်အတွက်လုပ်လို့အဆင်ပြေတဲ့ချိန်အဆင်သင့်ဖြစ်အောင်ပါ။ နိုင်ငံတော်ကဖြစ်ဖြစ်၊ ကုမ္ပဏီကဖြစ်ဖြစ်၊ တခြားအကူအညီကဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဘယ်သူက ဘာပဲပြောပြော လုပ်သင့်လုပ်ထိုက်တာလုပ်တယ်လို့မြင်တယ်။ ပြီးတော့ လေယာဉ်ကွင်းငယ်ရှိလာရင် ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်မယ်၊ ဖွံ့ဖြိုးအောင်လုပ်ပေးနိုင်မယ်။ နောက် သဘာဝဘေးကြုံတဲ့ချိန်မှာလည်း သုံးနိုင်တာပေါ့” လို့ပြောပါတယ်။

ပြည်ထောင်စုအစိုးရက စီစဉ်ထားတဲ့ လေယာဉ်ကွင်းငယ်တည်ဆောက်နိုင်တဲ့နေရာတွေကတော့ လိုင်လင်းပီ၊ ထန်တလန်၊ တီးတိန်၊ ဟားခါးမြို့နယ်မှ လေအွမ်(ခ)၊ ပလက်ဝ နဲ့ ကန်ပက်လက် မြို့နယ်တို့တွင်ရှိပါတယ်။

လက်ရှိ ဖလမ်းမြို့တွင် အလတ်စားလေယာဉ်တွေဆင်းသက်နိုင်မယ့် လေယာဉ်ကွင်းတည်ဆောက်လျက်ရှိပြီး ၂၀၂၀ နှစ်ကုန်ပိုင်းတွင် လေယာဉ်ဆင်းသက်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ယင်းလေယာဉ်ကွင်းပြီးမှ အခြားလေယာဉ်ကွင်းများ အကောင်အထည်ဖော်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ချင်းပြည်နယ်အစိုးရမှ တာဝန်ရှိသူများထံမှသိရပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်