
၈ ၊ မေ ၊၂၀၂၆
Zalen
မြန်မာနိုင်ငံရဲ့ စက်သုံးဆီစျေးနှုန်း မြင့်တက်မှုနဲ့ ပြတ်လပ်မှုဒဏ်ကို ပြည်သူတွေ ခါးစည်းခံနေရချိန်မှာကိုယ်တိုင်ကိုယ်ကျ စက်ဘီးနင်းပြီး ရုံးတက်ခြင်းဖြင့် စာနာမှုကို ဖော်ပြလိုက်တဲ့ သံတမန်တစ်ဦး ရှိနေပါတယ်။
သူကတော့ နယ်သာလန်သံရုံးရဲ့ ဒုတိယသံရုံးအကြီးအကဲ မစ္စတာ ၀င်းမ် ဗန်ဒွေါန် ပဲ ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံမှာ စက်ဘီးစီးရုံးတက်တာဟာ ပုံမှန်အလေ့အထဖြစ်ပေမဲ့၊ မြန်မာနိုင်ငံရဲ့ ပူပြင်းတဲ့ရာသီဥတုနဲ့ ကားကြပ်တဲ့လမ်းမတွေကြားမှာတော့ ဒါဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပြီးမစ္စတာဝင်းမ်ကတော့ ဒီအခက်အခဲတွေကို အခုလို ကျော်ဖြတ်ခဲ့ပါတယ်။

အိမ်ကနေ စောစောထွက်လာပြီး အားကစားဝတ်စုံနဲ့ စက်ဘီးစီးလာကာ ကားလမ်းမကြီးတွေကို ရှောင်ပြီး လမ်းသွယ်လေးတွေကနေ မောင်းနှင်လာပြီး ရုံးရောက်မှ ရေမိုးချိုး၊ အဝတ်အစားလဲ၊ လုပ်ငန်းခွင်ကို ဝင်တာလို့ ဆိုပါတယ်။
ဒါက “စက်သုံးဆီ ခြွေတာသလိုဆီမရမှာ ပူစရာမလိုတော့ဘဲ ငွေကုန်ကြေးကျလည်း သက်သာစေတယ်။ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရာရောက်လို့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ပါဘူး။နေ့စဥ် ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေပါတယ်။လမ်းပေါ်က ပြည်သူတွေရဲ့ နေ့စဥ်ဘဝကို ပိုမိုနီးကပ်စွာ မြင်တွေ့ခွင့်ရပါတယ်။ အကျပ်အတည်းဖြစ်နေတဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသရာရောက်ပါတယ်” လို့ စက်ဘီးစီးရုံးတက်တာနဲ့ပတ်သက်လို့ သူ့ရဲ့ အမြင်တွေကို မျှဝေပါတယ်။
အဲဒီနောက် “ကျွန်တော်လုပ်ပေးနိုင်တာလေးက မပြောပလောက်ဘူး ဆိုပေမယ့် စက်သုံးဆီ အခက်အခဲကြောင့် ရုန်းကန်နေရတဲ့ လူတွေနဲ့အတူ ရှိတယ် ဆိုတာ ပြသနိုင်တယ်လို့ ယုံကြည်ပါတယ်” လို့ဝင်းမ် ဗန်ဒွေါန် ပြောပါတယ်။
အသေးအဖွဲ လုပ်ဆောင်ချက်လေးတွေ စုပေါင်းလိုက်ရင် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာကို ဒီနယ်သာလန် သံတမန်က လက်တွေ့ပြသသွားတာပဲ ဖြစ်ပါတယ်။
သတင်း – ညီစေ
Photo – Embassy of the Netherlands in Myanmar











