စစ်ကောင်စီတပ်က သာစည်ကျေးရွာကို ထပ်မံမီးရှို့၊ ကျေးရွာရှိ ပစ္စည်းများ ခိုးယူသွားဟု ဆို

သြဂုတ် ၁၈၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းသို့ သြဂုတ်လ ၁၅ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အမည်ခံများသည် ယနေ့ သြဂုတ် ၁၈ရက်နေ့တွင် ကလေးတောင်ပိုင်း၊ သာစည်ကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြပြီး ရွာတွင်းရှိ ပစ္စည်းများကိုလည်း ခိုးယူသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များသည် သြဂုတ်လ ၁၅ရက်နေ့ နံနက်အစောပိုင်းမှစတင်ကာ ကလေးတောင်ပိုင်း သာစည်ကျေးရွာသို့စစ်ကြောင်းထိုး၍ ရွာကိုမီးရှို့ဖျက်ဆီးခဲ့ကြပြီး ထွက်ပြေးတိမ်းရှောင်သွားသော သာစည် ရွာသူရွာသားစစ်ရှောင်ပြည်သူများ၏ ကျန်ရစ်ခဲ့သော ဆန်အိတ်များ၊ခရီးဆောင်အိတ်များ၊ရွှေငွေ အဖိုးတန်ပစ္စည်းများကို နေ့လည် ၂နာရီခန့်အချိန်တွင် တောင်အူကျေးရွာ စာသင်ကျောင်းအတွင်းသို့ သယ်ယူသွားကာ ဝေစုခွဲခဲ့ကြကြောင်း တောထဲတိမ်းရှောင် နေရသည့် သာစည်စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဒီနေ့ သြဂုတ် ၁၈ရက် နေ့လည် ၁၂နာရီ ဝန်းကျင်လောက်မှာ ပြင်သာပျူတွေက တောင်အူပျူတွေကိုပြည်သူတွေဆီကနေ သူတို့ ခိုးယူလာတဲ့စားနပ်ရိက္ခာ ပစ္စည်းတွေကို လာသယ်ခိုင်းတယ်” ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဆိုပါသည်။

စစ်ကောင်စီတပ်နှင့် ၄င်းတို့လက်ဝေခံပြည်သူ့စစ်အဖွဲ့များသည် သြဂုတ်လ ၁၈ရက်နေ့ ညနေ၅နာရီဝန်းကျင်တွင် တောင်အူစာသင်ကျောင်းထဲသို့ ဖောကားတစ်စီး ဆန်အိတ်အပြည့်ဖြင့် သယ်ဆောင်ဝင်ရောက်လာကြပြီး သာစည်ကျေးရွာမှ သိမ်းယူထားခဲ့သော ပစ္စည်းများကိုလည်း ဝေစုခွဲခဲ့ကြကြောင်း ဆက်စပ်သိရပါသည်။

“တောင်အူပျူခေါင်းဆောင် လှဝင်းဌေးနဲ့အဖွဲ့က ဖောကားတွေပေါ်တက်ပြီး အဲ့စားနပ်ရိက္ခာတွေ၊ပစ္စည်းတွေကိုယူနေကြတာတွေ့ခဲ့တယ်ဗျ။ သာစည်စစ်ရှောင်တွေ ကျန်ခဲ့တဲ့ ပစ္စည်းတွေဖြစ်မယ်ထင်တယ်။ လူသုံးကုန် ပစ္စည်းတွေရောအများကြီးပဲ” ဟု စစ်ရှောင်ကူညီနေသူ မြို့လှရွာသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်များသည် ယခုအချိန်ထိ သာစည်ကျေးရွာအတွင်းနေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးလျက်ရှိကာ သြဂုတ် ၁၈ရက်နေ့တွင် သာစည်ကျေးရွာရှိ ဒေသအခေါ် ပေါက်ဘုန်းကြီးကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သာစည်ကျေးရွာ စစ်ရှောင်လာသူများထံမှ သိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။ လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ကလေးတောင်ပိုင်း ဒေသခံကာကွယ်ရေးတပ်များ စစ်ရေးတင်းမာလျက်ရှိကာ ယမန်နေ့ သြဂုတ် ၁၅ရက်နေ့ထိတွေ့မှုတွင် စစ်ကောင်စီတပ်က ဓာတုလက်နက်များ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါသည်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်