မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာကြောင့် လူဦးရေ ၁ သောင်းကျော်ရှိတဲ့ တီးတိန်မြို့ခံ အားလုံးနီးပါးဟာ ကလေးမြို့၊ အနီးနားကျေးရွာတွေနဲ့ အိန္ဒိယနယ်စပ်ဘက်တွေကို နေ့စဉ်နဲ့အမျှ ကြိုတင်စစ်ရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

တလခန့်အကြာမှာတော့ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အခြေအနေ ပြန်လည်ငြိမ်သက်သွားတာကြောင့် နေရပ်ကို ပြန်လာကြတာ ဖြစ်ပါတယ်။

Zalen ad

စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်လာကြတာဟာ စစ်ရှောင်ရာဒေသတွေမှာ ရင်ဆိုင်နေရတဲ့ အထွေထွေအခက်အခဲတွေကြောင့်လည်း ပါဝင်ပါတယ်။

စစ်ရှောင်အများစု သွားရောက်ခိုလှုံတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အိမ်ငှားခတွေ အဆမတန် မြင့်တက်နေတာ၊ အိမ်ငှားရှာရ ခက်ခဲတာ၊ အမျိုးအိမ်တွေမှာ မိသားစုတွေ စုပြုံနေထိုင်ရလို့ နေထိုင်ရေး အဆင်မပြေတာတွေ ရှိနေပါတယ်။

“လောလောဆယ် တိုက်ပွဲတွေလည်း မရှိဘူး၊ ပြန်လဲ ငြိမ်သွားပြီဆိုတော့ ကိုယ့်အိမ်ကို ပြန်လာတာပေါ့နော်၊ ကလေးမှာလည်း အိမ်ငှားနေရတယ်၊ ပြီးတော့ တအားပူလို့ ကိုယ့်အိမ်ကိုပဲ ပြန်လာချင်ကြတာ။ တခြားသူတွေလဲ တဖြည်းဖြည်းနဲ့ ပြန်ဝင်လာကြပြီ။ စစ်ရှောင်တဲ့လူ တဝက်လောက်တော့ ပြန်ဝင် လာကြပြီ။ ” လို့ တီးတိန်မြို့ခံတဦးကပြောပါတယ်။

ဒါ့အပြင် ရုတ်တရက် ရာသီဥတုအပြောင်းအလဲကြောင့် ပြင်းထန်တဲ့ အပူဒဏ်ကို သက်ကြီးရွယ်အိုတွေ မခံနိုင်ကြခြင်းနဲ့ စိတ်ဆင်းရဲမှုတွေကြောင့် မိမိတို့အိမ်ကို ပြန်လာကြခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

နေရပ်ပြန်ကြသူတွေကို တီးတိန်မြို့က ဒေသတွင်းလုပ်ငန်းရှင်တွေ စုပေါင်းပြီး လူမျိုး၊ ဘာသာ ခွဲခြားခြင်းမရှိဘဲ ၁၂ ဘီးကားတွေ၊ Skat ကားတွေနဲ့ အခမဲ့ ကူညီပို့ဆောင်ပေးခဲ့ကြလို့ မေ ၂၁ ရက်နေ့ တရက်တည်းမှာတင် ဒေသခံ ၅၀၀ ကျော် ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူပဲ ကလေးမြို့ဘက်ကို စစ်ဘေးရှောင်နေကြတဲ့ ဖလမ်းမြို့ဒေသခံတွေနဲ့ ဝန်ထမ်းမိသားစုဝင်အချို့ဟာလည်း Falam Pawlpi (Falam) ရဲ့ စီစဉ်ပေးမှုနဲ့ မေ ၂၀ ရက် မနက်ပိုင်းက ကားအစီး ၂၀ ခန့်၊ ဆိုက်ကယ်ကိုယ်စီနဲ့ ကလေး-သိုင်းငင်းလမ်းအတိုင်း ဖလမ်းမြို့ကို ဒုတိယသုတ်အဖြစ် နေရပ်ပြန်သွားကြတယ်လို့ သိရပါတယ်။

Mary

ဓာတ်ပုံ- တီးတိန်မြို့ဆိုင်းဘုတ်

#တီးတိန်မြို့#တိမ်းရှောင်#ဒေသခံများ#နေရပ်ပြန်လာ#Zalen

နောက်ဆုံးရသတင်းများ

မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပံ့ပိုးမှုကို ဂုဏ်ပြုတဲ့ Together We Build နံရံချပ်ပန်းချီကားကြီး ဘန်ကောက်မြို့လယ်မှာ ဖွင့်လှစ်မည်

မေ ၂၂၊ ၂၀၂၆Zalen ထိုင်းနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ မရှိမဖြစ်အရေးပါပေမယ့် လူသိနည်းလှတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေ ရုန်းကန်လှုပ်ရှားမှုနဲ့ ပံ့ပိုးကူညီမှုတွေကို ဂုဏ်ပြုတဲ့ “Together We Build” နံရံဆေးရေးပန်းချီကားကြီးကို ဘန်ကောက်မြို့၊ ထောင်လော်ရပ်ကွက်မှာ တရားဝင်ဖွင့်လှစ်ပြသမှာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်