စေတနာရှင်တွေရဲ့အလှူငွေနဲ့ မိုင်ဆန်သဲတို့သားအမိအတွက် အိမ်တစ်လုံးနဲ့ ကုန်စုံဆိုင်တည်ဆောက်ပေးမယ်

ရန်ကုန်မြို့တွင် ယောကျ်ားကထားခဲ့လို့ နှစ်ချီကြာလမ်းဘေးမှာဒုက္ခရောက်နေနဲ့ မိုင်ဆန်သဲတို့သားအမိအတွက် ပြည်တွင်းပြည်ပမှအလှူငွေနဲ့ အိမ်တစ်လုံးနဲ့ အသက်မွေးဝမ်းကျောင်းနိုင်ဖို့ ကုန်စုံဆိုင်မတည်ပေးမယ်လို့သတင်းရရှိပါတယ်။

မိုင်ဆန်သဲတို့သားအမိနှစ်ယောက် ပြန်လည်ထူထောင်ဖို့ အမေရိကနု်မှာရှိတဲ့ David Nun Tho က Gofundme ကနေ အလှူငွေကောက်ခံရာ ကျပ် ၁၂,၀၈၁,၉၁၂ (ကန်ဒေါ်လာ ၈၁၈၅)ရရှိပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် မြန်မာပြည်သို့ငွေလွှဲထားပါတယ်။

ယင်းငွေကို ကလေးမြို့မှာနေထိုင်တဲ့ မိုင်ဆန်သဲတို့သားအမိကိုပြုစုခဲ့တဲ့ မသိန်းထံငွေလွှဲခဲ့တာဖြစ်ပါတယ်။ မသိန်းနဲ့ ကလေးမြို့ ချင်းလူမှုရေးအသင်းဦးဆောင်သူတွေက ဇန်နဝါရီ (၁၆)ရက်မှာ မိုင်ဆန်သဲနေထိုင်တဲ့ ဖလမ်းမြို့နယ် ဖာရ်ဆိုရွာသို့သွားရောက်ပြီး ကာယကံရှင်မိသားစုနဲ့ ကျေးရွာလူကြီးတွေဆွေးနွေးကြပါတယ်။

မသိန်းက “ဇန်နဝါရီလအတွင်းမှာ သစ်တွေအကုန်လုံးလွှဆွဲမယ်။ ဖေဖော်ဝါရီလအတွင်းအပြီးတည်ဆောက်မယ်။ မတ်လမှာ ဖလမ်းမြို့ ဌာနေပြန်ပွဲရှိတော့ ပြည်တွင်းပြည်ပက အလှူရှင်တွေလည်း ဝင်ကြည့်လို့ရအောင် ကလေး-ဖလမ်းကားလမ်းဘေးမှာဆောက်ဖို့မြေနေရာလည်း ကျေးရွာဘက်က စီစဉ်ပေးထားတယ်။ အိမ်ဆောက်ဖို့တွက် သိန်း (၅၀)လောက်ကုန်မယ်လို့ခန့်မှန်းထားတယ်။ ပြီးတော့ ၁၀ သိန်းနဲ့ သူတို့အသက်မွေးဝမ်းကျောင်းနိုင်ဖို့ ကုန်စုံဆိုင်လေးဖွင့်နိုင်အောင်မတည်ပေးမယ်။ ကျန်တဲ့ဟာကတော့ သူတို့နာမည်နဲ့ ဘဏ်မှာသိမ်းထားပေးမယ်” လို့ ပြောပါတယ်။

မိုင်ဆန်သဲတို့သားအမိဟာ အရင်ကထက် ပိုဝလာကြပြီး မိုင်ဆန်သဲလည်း အရင်ကထက် စကားပိုပြောလာတယ်လို့ဆိုပါတယ်။

မိုင်ဆန်သဲတို့သားအမိအတွက် အိမ်ဆောက်ဖို့ ကျေးရွာလူကြီးတွေနဲ့ ကလေးမြို့ ချင်းလူမှုရေးအသင်းတို့ မြေကွက်ကြည့်ရှုနေကြစဉ်

ဆက်လက်ပြီး မသိန်းက “ရန်ကုန်ကနေ ကလေးကိုရောက်လာတုန်းက ကျမအိမ်မှာနေကြတော့ သူ့အခြေအနေကိုကောင်းကောင်းသိတယ်။ အဲ့ချိန်တုန်းကဆို တစ်ချိန်လုံး စကားမပြောပဲထိုင်နေတယ်။ ခုတော့ ကျမတို့ရောက်လာတဲ့ချိန်မှာ သူကပြုံးပြုံးလေးနဲ့လာနှုတ်ဆက်တယ်။ သူက အလှူရှင်တွေအားလုံးကိုလည်း ကျေးဇူးတင်စကားပြောလိုက်သေးတယ်။ ကျမ မသိတဲ့သူတွေက ဒီလောက်ထိကူညီတာ ကျမအရမ်းဝမ်းသာတယ်တဲ့။ ကျမသမီးကိုကောင်းကောင်းလေးပြုစုပြီးတော့ သူနဲ့ပဲနေတော့မယ်လို့ပြောတယ်။ အရင်က သူ့သမီးကို တစ်ချိန်လုံးကြောပေါ်မှာပိုးထားတော့ အခု ၂ နှစ်ကျော်ထိ လမ်းကောင်းကောင်းမလျှောက်နိုင်သေးဘူး။ ဒါကြောင့် အနှိပ်သည်ဆီမှာ အကြောတွေနှိပ်ခိုင်းတာ ခုတော့ နည်းနည်းပါးပါးလမ်းလျှောက်နေပြီ။ ကလေးလည်း ဆော့နိုင်တယ်” လို့ပြောပါတယ်။

မိုင်ဆန်သဲဟာ ၎င်းအမျိုးသားက အကျိုးအကြောင်းမပြောပဲ အိမ်ကနေထွက်သွားရာ အမျိုးသားကို သားအမိနှစ်ယောက်လိုက်ရှာရင်း ရန်ကုန်မြို့မှာ ဒုက္ခနဲ့ရင်ဆိုင်နေရကြပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ရန်ကုန်ပြည်သူ့ဆေးရုံရှေ့တွင် ရွှေကြာလူမှုကူညီရေးအဖွဲ့တို့ လှူဒါန်းတဲ့ထမင်းကိုသွားတောင်းရင်း ရွှေကြာတို့အဖွဲ့က လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုဖိုင်နဲ့ဖော်ပြလို့ လူအများကသိလာရခြင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်