ဇွန်လကစပြီး အယ်နီညို‌ကြောင့် အပူချိန်မြင့်ပြီး ရေရှားပါးမှုတွေ ကြုံရနိုင်

မေ ၂၂၊ ၂၀၂၆

Zalen

Zalen ad

အယ်နီညို (El Niño) ဟာ လာမယ့် ဇွန်လမှာ စတင်ကူးပြောင်းမှာဖြစ်ပြီး အဲဒီနောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံမှာလည်း အပူချိန်မြင့်တက်တာနဲ့ ရေရှားပါးမှုလို ပြဿနာမျိုးတွေ ကြုံလာရနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးလိုက်ပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ လက်ရှိဖြစ်နေတဲ့ ပုံမှန်ရာသီဥတုကနေ ဇွန်လမှာ အားအနည်းငယ်ရှိတဲ့ အယ်နီညိုအခြေအနေကို စတင်ရောက်ရှိမှာဖြစ်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ ပိုပြီး အားကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။

အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်နဲ့ လေထုဖြစ်စဉ်တွေအရ အယ်နီညိုဖြစ်ဖို့ သေချာသလောက် ရှိနေတာကို နိုင်ငံတကာ မော်ဒယ်တွေမှာလည်း တွေ့ရှိထားတာ ဖြစ်ပါတယ်။

အထူးသဖြင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာတွေမှာ အယ်နီညို အားကောင်းတဲ့အဆင့်ကို ရောက်နိုင်လို့ နေ့အပူချိန်တွေတင်မကဘဲ ညအပူချိန်တွေပါ လိုက်ပြီး မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

အယ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပွားတာဆိုပေမဲ့ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုအနေနဲ့ မိုးရွာသွန်းမှု မူမမှန်တာ၊ နေ့အပူချိန်တွေ အလွန်အမင်း မြင့်မားတာ၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်တာနဲ့ မိုးခေါင်ရေရှားတာမျိုးလို အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ကြုံရနိုင်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ စိုက်ပျိုးရေးနဲ့ သောက်သုံးရေအတွက် ရေသိုလှောင်ထားကြဖို့၊ အပူချိန်မြင့်တက်မှုကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအတွက် ကြိုတင်ကာကွယ်ထားကြဖို့ မိုးဇလဌာနက နှိုးဆော်ထားပါတယ်။

လာမယ့် ၂၀၂၆-၂၇ ခုနှစ် အယ်နီညိုဖြစ်စဉ်ဟာ ဘယ်လောက်အထိ အားကောင်းပြင်းထန်မလဲဆိုတာကို နိုင်ငံတကာ လေထုစီမံခန့်ခွဲရေးဌာနတွေကလည်း စောင့်ကြည့်နေကြပြီး မိုးဇလဘက်ကလည်း အခြေအနေတွေကို အချိန်နဲ့တပြေးညီ ဆက်လက် ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

Helen

Phpto- Ai

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်