မေ ၁၉၊ ၂၀၂၆
Zalen
အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း တမူးခရိုင်မှာ ပြီးခဲ့တဲ့ ၄ လတာကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကြောင့် အရပ်သား ၁၀ ဦး သေဆုံးပြီး၊ ၁၈ ဦးထက်မနည်း အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့ (Kuki Women Human Right Organization) က မေလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဧပြီလအထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပျူစောထီးအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ အမည်မဖော်ပြနိုင်သူ ၁ ဦး၊ စုစုပေါင်း အရပ်သား ၁၀ ဦး သေဆုံးခဲ့ရတာပါ။
ဒါ့အပြင် လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ဒဏ်ရာရသူ ၇ ဦးရှိခဲ့ပြီး၊ ပျူစောထီးတွေရဲ့ ငွေညှစ်ဖမ်းဆီးမှုနဲ့ စစ်မှုထမ်းဥပဒေအရ ပေါ်တာဆွဲခံရသူ ၁၈ ဦးအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ တမူးခရိုင်အတွင်းမှာ တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားတာမျိုး မရှိပေမဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ လျော့ကျမသွားဘဲ ပိုမိုမြင့်တက်နေပါတယ်။
တမူးမြို့ပေါ်မှာဆိုရင် ညဘက် မျက်နှာဖုံးစွပ် အမည်မသိ လက်နက်ကိုင်တွေက ပြည်သူတွေရဲ့ နေအိမ်တွေထဲ အတင်းဝင်ရောက်ပြီး ဓားပြတိုက်တာ၊ ဖမ်းဆီးရိုက်နှက်တာတွေ ပိုများလာတယ်လို့ သိရပါတယ်။
စစ်ပွဲနောက်ဆက်တွဲ ရိုက်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ အိုးအိမ်မဲ့ဖြစ်ကာ လူမှုစီးပွားဘဝ ခြွတ်ခြုံကျနေပါတယ်။
အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝကင်းမဲ့နေပြီး၊ ဆေးဝါးပြတ်လပ်မှုကြောင့် စစ်ရှောင်စခန်းက ကလေးငယ်တွေမှာ ပွေး၊ ဝဲ၊ ယားနာလို အရေပြားကူးစက်ရောဂါတွေ အရှင်းမပျောက်ဘဲ ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ ၄ လအတွင်း တိုက်ပွဲငြိမ်နေလို့ စစ်ရှောင်ဦးရေ အသစ်ထပ်မတိုးပေမဲ့ ရှိပြီးသား စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်နဲ့ ဝင်ငွေမရှိတာကြောင့် နေ့စဉ်စားဝတ်နေရေးအတွက် တနိုင်တပိုင် တောင်ယာခုတ် စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ မီးသွေးဖုတ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ပြီး ရုန်းကန်နေကြရပါတယ်။
ကူကီးအမျိုးသမီး လူ့အခွင့်အရေးအဖွဲ့ (KWHRO) ဟာ တမူးခရိုင်အတွင်းက ဒေသခံတွေနဲ့ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေကို ၂၀၂၄ ခုနှစ်ကစတင်ပြီး ၄ လတစ်ကြိမ် ထုတ်ပြန်ခဲ့ရာ လက်ရှိမှာတော့ ၇ ကြိမ်မြောက် အစီရင်ခံစာ ထွက်ရှိလာတာဖြစ်ပါတယ်။
Helen
#KukiWomenHumanRightOrganization #တမူးခရိုင် #စစ်ကောင်စီ #အရပ်သား #သေဆုံး #ဖမ်းဆီး#Zalen


















