တူမီးသေနတ်မှစတင်ခဲ့သောမြိုင်မြို့နယ် Royal Brother Defence Force အဖွဲ့သည် စနိုက်ပါလက်နက် ထုတ်လုပ်နိုင်ပြီ

တူမီးသေနတ်ဖြင့် လက်နက်ကိုင် တော်လှန်းရေးစတင်ခဲ့သော မြိုင်မြို့နယ်သည် လက်ရှိမှာ မီတာ ၆၀၀ အကွာအဝေးသို့ ပစ်ခတ်နိုင်သည့် စနိုက်ပါလက်နက်ကို ထုတ်နိုင်သည့်အဆင့်အထိ တိုးတက်လာခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်အခြေစိုက် Royal Brother Defence Force – RBDF အဖွဲ့ရဲဘော်များကိုယ်တိုင် ထုတ်လုပ်ခဲ့သောကျည် ၅ ထောင့်ထိုးအမျိုးအစားစနိုက်ပါကို လက်ရှိမှာ ထုတ်လုပ်နိုင်ပြီဖြစ်ကာ ရည်မှန်းချက်တူ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များဆီ ဖြည့်ဆည်းလှူဒါန်းသွားမည်ဟု ဆိုသည်။

“မဟာမိတ်အဖွဲ့ဖြစ်တဲ့ Myingan 9 star တပ်ဖွဲ့ကို တစ်လက်လှူဒါန်းပြီးပြီ ဒေါင်းနီတော်လှန်ရေးအဖွဲ့ကိုလည်း တစ်လက်လှူဒါန်းဦးမယ်” ဟု Royal Brother Defence Force အဖွဲ့ပြန်ကြားရေးတာဝန်ရှိသူက ​ပြောသည်။

Royal Brother Defence Force အဖွဲ့၏ လက်ရှိထုတ်လုပ်ထားသော စနိုက်ပါလက်နက်တစ်လက်၏ ကုန်ကျစရိတ်မှာ ၅ သိန်းခန့်ဖြစ်ပြီး ပစ္စည်းအစုံအလင်ရှိပါက ၂ ပတ်ခန့်ဖြင့် ထုပ်လုပ်နိုင်သည်ဟု သိရသည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လပိုင်းမှ လက်နက်ကိုင်လမ်းစဥ်ကိုရွေးချယ်ကာ စစ်အာဏာရှင်ကိုတော်လှန်ခဲ့သော Royal Brother Defence Force အဖွဲ့သည် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး – CDSOM အနောက်ပိုင်းတိုက်ခိုက်ရေး 005 အဖွဲ့အဖြစ် တူမီးလက်နက်ဖြင့် စတင်တော်လှန်ခဲ့ရာမှ လက်ရှိ၌ စစ်ကောင်စီကို ပုခုံးချင်းယှဥ်နိုင်သည့်အဆင့်သာမက ကိုယ်တိုက်လက်နက်ထုတ်နိုင်သော Level အထိ မြှင့်တက်လာခဲ့သည်။

“အခက်အခဲတွေကတော့အများကြီးပဲ။ ကျွန်တော်တို့အဖွဲ့ကအညာသားတောင်သူတွေဆိုတော့ မိဘပိုင်လယ်ယာတွေကို ရရာဈေးနဲ့ပေါင်နှံရောင်းချပြီး တော်လှန်ရေးခရီးကို ဆက်ခဲ့တာပါ။ စတင်တော်လှန်တုန်းက တူမီးနဲ့ပဲစခဲ့တာ မောင်းပြန်တစ်လက်မှတောင်မရှိခဲ့ဘူး” ဟု ဆိုသည်။

လက်နက်ကိုင်လမ်းစဥ်ရွေးချယ်ချိန်က အပ်တိုတစ်ချောင်းပင်မရှိဘဲ ရရာလက်နက်ဆွဲကိုင်ခဲ့သော်လည်း စစ်ကောင်စီကို မယှဥ်နိုင်သည့်အတွက် ထွက်ပြေးတိမ်းရှောင်းရင်း စိတ်ဓာတ်ကျဆင်းမှုများရှိခဲ့သည့်အပေါ် အတွေ့အကြုံများကိုလည်း ယခုလို ရှင်းပြသည်။

 “ရဲဘော်တွေလဲ လက်လုပ်နဲ့ဆိုတော့ လုပ်ချင်သလောက် လုပ်မရတဲ့အခါမျိုးမှာ စိတ်ဓာတ်ကျတာတွေ ရှိတာပေါ့။ ရှိတာလေးရောင်းချပြီး ဝယ်တဲ့ မောင်းပြန်လေးတွေလဲ ဆုံးရှုံးခဲ့ရတယ်။ မတရားမှုကို တော်လှန်တဲ့နေရာမှာ ကိုလုပ်နိူင်သလောက်ကို ​မှန်မှန်ကန်နဲ့ ဖို့ပဲလိုအပ်တယ်။ပြီးတော့ လက်နက်ရှိမှ တော်လှန်ရမယ်ဆိုရင် ခုအခြေအနေရောက်မလားဘူး လို့ ရဲဘော်တွေကို ရှင်းပြပြီး အားမွေးရှေ့ဆက်ခဲ့တာပါ” ဟု Royal Brother Defence Force အဖွဲ့ခေါင်းဆောင်က ပြောသည်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်