တွန်းဇံမြို့နယ် ဒုရဲအုပ်က ရဲတပ်သားကို သေနတ်နဲ့ (၄)ချက်ပစ်ခတ်တယ်လို့ဆိုကာ အထက်သို့တိုင်တန်းထား

ချင်းပြည်နယ်၊  တွန်းဇံမြို့နယ် ဒုရဲအုပ် ဟံဝင်းအောင်က ရဲတပ်သား ထန်လျန်းပေါင်ကို ဇာတ်တိုက်လေ့ကျင့်ရေးလှည့်နေစဉ် အနောက်ကနေ ၆မမ သေနတ်နဲ့ (၄)ကြိမ်ပစ်ခတ်တယ်လို့ဆိုကာ ကာယကံရှင်ကိုယ်တိုင်က တိုင်တန်းထားကြောင်း သတင်းရရှိပါတယ်။

ယင်းတိုင်ကြားစာကို ဒီဇင်ဘာလ (၁၄)ရက်နေ့စွဲနဲ့ တွန်းဇံမြို့မ ရဲစခန်းမှူးကို လိပ်မူပြီး ပြည်နယ်၊ ခရိုင်ရဲတပ်ဖွဲ့ရုံး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးဝန်ကြီးတို့ထံ မိတ္တူပေးပို့ထားပါတယ်။

ဖြစ်စဉ်မှာ တွန်းဇံမြို့နယ် ရဲတပ်ဖွဲ့၊ တပ်မတော်၊ မီးသတ် တို့ပူးပေါင်းကာ ဇာတ်တိုက်လေ့ကျင့်ရေးသွားရောက်စဉ် ဒီဇင်ဘာလ (၁၄)ရက် နေ့လည်ခန့်အချိန် တွန်းဇံမြို့မှ ကျီးခါးသွားတဲ့လမ်းမပေါ် ဇမ်ပီးရွာလမ်းခွဲအရောက်တွင် ကိုယ်ပိုင်နံပါတ် (လ၂၀၉၆၄၃) ဒုရဲအုပ် ဟံဝင်းအောင်၊ နယ်ထိန်းခေါင်းဆောင်က အနောက်ကနေ ရဲတပ်သား ထန်လျန်းပေါင် (လ၂၇၉၇၃၈) ကို သေနတ်နဲ့ လေးချက်ပစ်ခတ်တာကြောင့် ကြောက်လန့်သဖြင့် တောထဲသို့ပုန်းခိုခဲ့ပါတယ်။ ယင်းသို့ ပုန်းခိုနေစဉ် စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်ကြီး အောင်ကိုကိုက ပြန်လည်ခေါ်ဆောင်သဖြင့် လုံခြုံရေးဇာတ်တိုက်လေ့ကျင့်ရေးအဖွဲ့သို့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်လို့ တိုင်ကြားစာတွင်ဖော်ပြထားပါတယ်။

ရဲတပ်သား ထန်လျန်းပေါင်အားတွေ့ရစဉ်

ရဲတပ်သား ထန်လျန်းပေါင်က “အရင်က သူနဲ့ စကားများရန်ဖြစ်တာမရှိဖူးဘူး။ သူကအဲ့ချိန်မှာ အရက်မူးနေတယ်။ သူက ကျနော့်ကို ကြောင်တောင်တောင် ဝါးတားတားမလုပ်နဲ့နော်လို့ ၄ခါပြောတယ်။ ကျနော်ကလည်း ဟုတ်ကဲ့ ဗိုလ်လေးလို့ပြောပြီး ဗမာစကားအသံမပီရင်နားလည်ပေးပါလို့ပြောတယ်။ နောက်တစ်ကြိမ် အဲ့လိုထပ်ပြောတော့ ကျနော်ကလည်း ဗိုလ်လေးဘာလို့ ကျနော့်ကို အဲ့လိုပြောတာလဲလို့ပြန်မေးတော့ သူက ငါ့ကိုခံမပြောနဲ့ ဘာညာဆိုပြီးပြောတယ်။ ပြီးတော့ သေနတ်နဲ့ပစ်တော့တာပဲ။ ပထမကျည်က ကျနော့်ဆိုင်ကယ်ဘေးကိုထိတယ်။ ဆိုင်ကယ်ကို ကျည်တစ်ထောင့်ထိတယ်။ ကျည်နှစ်ထောင့်က မြေကြီးကိုထိတယ်။ ကျနော်လည်း အဲ့ချိန်မှာ သေနတ်ပါတယ်။ ကျည်လည်းရှိတယ်။ ပစ်ချင်တယ်ဆိုရင် ပြန်ပစ်လို့ရပေမယ့် ကိုယ့်အထက်လူကြီးဆိုတော့ ဘာမှပြန်မပစ်ဘူး။ အဲ့လို ကျနော့်ကို ပစ်တဲ့ချိန်မှာ မျက်မြင်သက်သေ ရဲတပ်ဖွဲ့က လူ ၅ ယောက်ရှိပါတယ်။ ဗိုလ်ကြီးအောင်ကိုကိုကို ပြန်ခေါ်လာပြီး ခရီးပြန်ဆက်လို့ နားတဲ့ချိန်မှာ ဒုရဲအုပ်က မင်းကိုသတ်မယ် ဘာညာထပ်ပြောသေးတယ်။ တိုင်ချင်တိုင်ပါလို့လည်းပြောတယ်။ ပြီးတော့ ကျနော့်ကို လူသတ်ရင် သိန်း ၁၀၀၊ ၂၀၀ လောက်နဲ့လျော်ရင်ရတယ်။ အခုကျနော့်မှာ သိန်း ၂၀ ပါတယ်။ နင့်ဆီမှာကော ပိုက်ဆံဘယ်လောက်ရှိလဲလို့ပြောတယ်။ ကျနော်ကတော့ ဒီအမှုကို နောက်မဆုတ်တော့ဘူး။ ဆက်သွားမယ်။ လုံးဝမကျေနပ်ဘူး။ စိတ်လည်းနာတယ်။ ပိုက်ဆံတော့မရှိဘူး။ အမှုမနိုင်ရင်တောင် ဆက်သွားမယ်” လို့ပြောပါတယ်။

ခုချိန်မှာ ဒုရဲအုပ် ဟံဝင်းအောင်ဟာ ဟားခါးမြို့တွင် သင်တန်းတက်ရောက်နေပြီး ယနေ့ နေ့လည် ၁၂ နာရီနဲ့ ၁ နာရီကြားတွင် ဖုန်းဆက်ပေမယ့် ဖုန်းမကိုင်နိုင်ပါ။

ဆက်လက်ပြီး တွန်းဇံမြို့နယ် ရဲစခန်းမှူး ရဲအုပ် စိုးဝင်းက “ဒီအမှုကို ခရိုင်ကို ဆက်တင်ထားတယ်။ ဒီကိစ္စ တကယ့် ဖြစ်မဖြစ်ဆိုတာ စစ်ဆေးရမယ်။ အမှုတကယ့်ဖြစ်ရင်တော့ ဒုရဲအုပ်ကို ရာထူးလျောချတာတို့၊ ပြောင်းရွေ့တာတို့၊ အလုပ်ဖြုတ်တာတို့၊ ထောင်ချတာတို့ ပြစ်ဒဏ်ပေးလို့ရတယ်” လို့ပြောပါတယ်။

ရဲတပ်သား ထန်လျန်းပေါင်ဟာ ယခုနှစ် ဧပြီလတွင် ရဲသင်တန်းတက်ရောက်ပြီး မေလတွင် စတင်တာဝန်ထမ်းဆောင်ပါတယ်။ ၎င်းဟာ အခု အသက် (၂၂)သာရှိပြီး ကလေးတစ်ယောက်ရဲ့ ဖခင်ဖြစ်ပါတယ်။ သူဟာ တွန်းဇံမြို့နယ် ကျီးခါးမြို့ အနီး ဇန်လိုင်ရွာသားဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်