ဒေသငှက်ကို ထိန်းသိမ်းဖို့ ချင်းအမျိုးသားတစ်ဦးရဲ့ စိတ်ကူးအမှန်တကယ်ဖြစ်လာ

ကောင်းသော ရေးသည်။

ချင်းပြည်နယ်က ဒေသငှက်တွေကို ထိန်းသိမ်းချင်စိတ်ဖြစ်ပေါ်လာအောင်နဲ့ လူထုအမြင်နိုးကြားလာဖို့ သစ်သားငှက်အိမ်လေးတွေကိုတည်ဆောက်ပြီး ကလေး- ဖလမ်း- ဟားခါးလမ်းမနဲ့ ကလေး- သိုင်ငင်း-တီးတိန်- တွန်းဇံလမ်းမတလျောက်က သစ်ပင်၊ သစ်ကိုင်းတွေမှာ ချိတ်ဆွဲသွားဖို့ ကြိုးစားနေတဲ့ ချင်းအမျိုးသားတစ်ဦးအကြောင်းကို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့စိတ်ကူးကို အကောင်အထည်ဖော်ပြီး တီးတိန်မြို့နဲ့ ဖလမ်းမှာ သစ်သားငှက်အိမ်တွေကို ဒီဇင်ဘာ၂၆ရက်ကစပြီး ချိတ်ဆွဲနေပါပြီ။

တောင်ယာမီးရှို့လို့ပဲ ဖြစ်ဖြစ်၊ ငှက်မုဆိုးတွေကြောင့်ပဲဖြစ်ဖြစ် ချင်းလူမျိုးတို့ရဲ့ သက္လေတဖြစ်တဲ့ အောက်ချင်းငှက်နဲ့ တခြားငှက်မျိုးစိတ်တွေက ဒေသခံတွေရဲ့ မြင်ကွင်းကနေ တစစ ပျောက်ကွယ်လာကြပါပြီ။

ခရီးသွားရင်း ကားပေါ်ကပဲဖြစ်ဖြစ် ဆိုင်ကယ်ပေါ်ကပဲဖြစ်ဖြစ် မြင်တွေ့ရင်း တောရိုင်းတိရိစ္စာန်းလေးတွေနဲ့ သစ်ပင်ပန်းမာန်တွေကို ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ အသိတစ်ခုခုစွဲကပ်သွားအောင် လမ်းဘေးဝဲယာ သစ်ပင်ကြီးတွေမှာ ငှက်အိမ်တွေချိတ်ဆွဲပြီး နှိုးဆော်ဖို့ ချင်းအမျိုးသားတစ်ဦးက ကြိုးစားနေခဲ့ပါတယ်။

ပထမအသုတ်အနေနဲ့ ငှက်အိမ်အလုံး၂၀၀ကို ချိတ်ဆွဲမှာဖြစ်ပြီး ဒီဇင်ဘာ၂၆ရက်နေ့မှာတော့ အခက်အခဲတွေကြားကပဲ တီးတိန်နဲ့ ဖလမ်းမှာ ဒေသခံတွေရဲ့ အကူအညီနဲ့ စတင်ချိတ်ဆွဲနေပြီဖြစ်ပါတယ်။
“ငှက်အိမ်တွေကို မြင်ပြီး ငှက်တွေရောရှိပါ့မလားလို့ ဆက်စပ်စဉ်းစားမိသွားကြမှာပါ။ ဘာကြောင့်ငှက်တွေ မရှိတော့တာလဲ။ ငါတို့တောင်ယာမီးရှို့လို့၊ သစ်ပင်ခုတ်လို့ စသဖြင့် တွေးမိလာမှာပါ။ ပြီးတော့ သစ်ပင်ခုတ်မိတဲ့အတွက် အကျိုးဆက်တွေကို စဉ်းစားမိပြီး တွေးစရာလေးတွေ ပေါ်လာအောင် လုပ်ပေးတဲ့ သဘောပါပဲ” လို့ သစ်သားငှက်အိမ်တွေချိတ်ဆွဲပြီး လူတွေရဲ့အမြင်ကို ဖြည်းဖြည်းချင်း ပြောင်းလဲဖို့ကြိုးစားနေတဲ့ ချင်းအမျိုးသားက ဆိုပါတယ်။

တီးတိန်မှာတော့ ဒီဇင်ဘာ၂၆ရက်နေ့က စတင်ပြီး လူအများမြင်သာမယ့်နေရာတွေက ထင်းရူးပင်နဲ့ သစ်ကိုင်းသစ်ခက်ပေါ်များတဲ့ သစ်ပင်တွေမှာ တဖြည်းဖြည်းချိတ်ဆွဲနေပါပြီ။

“လူအများမြင်လို့ရတဲ့နေရာမျိုးမှာ ရွေးပြီးတော့ချိတ်ထားတယ်။ မြင်တဲ့သူတွေက ငှက်တွေအတွက် အိမ်ဆောက်ပေးဖို့ အခြေအနေမျိုး ဖြစ်လာပြီပေါ့လေဆိုပြီးတော့ အမြင်မျိုးတွေ တစ်ချို့မှာရှိတယ်။ တစ်ချို့ကျတော့လည်း ငှက်အိမ်တွေ နှမျောစရာကောင်းလိုက်တာ၊ ပျောက်သွားမလားဆိုတဲ့ အတွေးတွေလည်း ရှိကြတယ်။ တစ်ချို့ကျတော့ ငှက်တွေပါ တစ်ခါတည်းလာထားပေးမှာလားဆိုပြီး မေးကြတယ်” လို့ တီးတိန်မြို့က ပရဟိတသမားတစ်ဦးဖြစ်တဲ့ ကိုမုန်နိုးက ပြောပါတယ်။

သူကတော့ ငှက်အိမ်လေးတွေ ချိတ်ဆွဲတာကနေရရှိလာမဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကျေးငှက်သာရကာလေးတွေ ထိန်းသိမ်းမဲ့ စိတ်ကူးကို ပါဝင်အကောင်အထည်ဖော်ပေးနေသူဖြစ်ပါတယ်။

တီးတိန်မှာ လူအသွားအလာများပြီး ငှက်မုဆိုးတွေရှိတဲ့ ကျေးရွာ၁၀ရွာကို ငှက်အိမ်ချိတ်ဆွဲဖို့ ရွေးချယ်ထားပါတယ်။ ကလေးတွေက ငှက်သေးသေးလေးတွေကို လေးခွနဲ့ပစ်တာ၊ ငှက်မုဆိုးတွေက ငှက်တွေရှိတဲ့နေရာကိုသွားပြီး တူမီးနဲ့ ငှက်ပစ်တာတွေရှိလို့ အဲဒီနေရာတွေကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

“ငှက်တော်တော်များများကတော့ သိပ်မရှိတော့ဘူးလို့တောင် ပြောလို့ရတယ်။ ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ သက္လေတဖြစ်တဲ့ အောက်ချင်းငှက်တွေနဲ့ ငှက်အကြီးကြီးတွေကို မတွေ့တာ တော်တော်ကြာသွားပြီ။ တီးတိန်တစ်ဝိုက်မှာတော့ ငှက်အကောင်သေးသေးလေးတွေပဲ တွေ့ရတော့တယ်” လို့ ကိုမုန်နိုးက ပြောပါတယ်။

ချင်းပြည်နယ်မှာ မြန့်မာ့ဇာတိရင်း (Myanmar Endemic) ငှက်မျိုးစိတ် (၂)မျိုးတွေ့နိုင်ပြီး၊ ဒီနှစ်မျိုးရဲ့ထူးခြားချက်က မြန်မာနိုင်ငံရဲ့ ဘယ်နေရာ ဘယ်ဒေသမှာမှ မတွေ့ရဘဲ ချင်းပြည်နယ်မှာဘဲ တွေ့နိုင်ပါတယ်။

White-browed Nuthatch လို့ခေါ်တဲ့ မျက်ခုံးဖြူငှက်ပြာခြောက်

အဲဒီမျိုးစိတ်နှစ်မျိုးက White-browed Nuthatch လို့ခေါ်တဲ့ မျက်ခုံးဖြူငှက်ပြာခြောက်၊ Burmese Bushtit လို့ခေါ်တဲ့ မြန်မာတစ်ငှက် ဖြစ်တယ်လို့ သားရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးစောင့်ရှောက်ရေးအဖွဲ့ (WCS) က ငှက်ပညာရှင် ဦးသက်ဇော်နိုင်က ပြောပါတယ်။

ချင်းပြည်နယ်မှာ ရှားပါးငှက်မျိုးစိတ် (၁၀၀) ကျော်ရှိပြီး အဲဒီထဲမှာမှ ကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်းဘို့ အလွန်လိုအပ်နေတဲ့ မြန့်မာ့ဇာတိရင်း (Myanmar Endemic) ငှက်မျိုးစိတ် တစ်မျိုးဖြစ်တဲ့ မျက်ခုံးဖြူငှက်ပြာခြောက်၊ ဇာမနီငှက် (Blyth’s Tragopan) နဲ့ ချင်းလူမျိုးတွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အောက်ချင်း (သို့မဟုတ်) အောင်လောင် (Great Hornbill) အဲ့ဒီငှက်မျိုးစိတ်တွေကို ချင်းပြည်နယ်မှာ ထိန်းသိမ်းကာကွယ်ဘို့ အရေးတကြီးလိုအပ်ပါတယ်လို့ သူကပြောပါတယ်။

Burmese Bushtit လို့ခေါ်တဲ့ မြန်မာတစ်ငှက်

“ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ သင်္ကေံတဖြစ်တဲ့ အောက်ချင်းငှက်တွေ ချင်းတောင်မှာမတွေ့ရတော့တာတွေ၊ ငှက်အကြီးစားတွေလည်း မတွေ့ရတာတွေက လုံးဝမဖြစ်သင့်ဘူး။ ငှက်အိမ်ဆောက်ပြီးမှ အသိပညာပေးတာ တစ်ခါမှ မလုပ်ဖူးသေးတော့ ကျွန်တော့်ကို ကူညီပေးဖို့ဆက်သွယ်လာလို့ ကျွန်တော်က ဝမ်းသာအားရကူညီပေးဖြစ်တာပါ” လို့ ကိုမုန်နိုးကဆိုပါတယ်။

မိတ်ဆွေများရဲ့ လှုဒါန်းငွေနဲ့ ပြုလုပ်ခဲ့တဲ့ သစ်သားငှက်အိမ်အလုံး၂၀၀ကို ချိတ်ဆွဲပြီးရင်တော့ နောက်ထပ် ငှက်အိမ် ၅၀၀ကနေ ၁၀၀၀ အထိတည်ဆောက်ပြီး တခြားဒေသတွေမှာပါ ဆက်လက်ချိတ်ဆွဲသွားဦးမှာပါ။ ချင်းတောင်တန်းတွေမှာ ငှက်အိမ်တွေ ချိတ်ဆွဲပြီးရင်တော့ တခြားတိုင်းနဲ့ပြည်နယ်တွေမှာ ငှက်အိမ်တွေချိတ်ဆွဲပြီး ငှက်ထိန်းသိမ်းဖို့ လုပ်ဆောင်နေတဲ့အပြင် ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်နိုင်ဖို့ ထိုချင်းအမျိုးသားက စိတ်ကူးရှိနေပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်သာမက ကျေးငှက်တရိစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်ခြင်းမှ ကာကွယ်ပြီး၊ ပြန်လည်ပွါးများလာစေရန်၊ မြစ်ချောင်းများရှိ ငါးပုဇွန်ဂဏာန်းမျိုးစိတ်များကို နည်းစနစ်မှန်ကန်စွာ ဖမ်းဆီးခြင်းဖြင့် မျိုးတုန်းပျောက်ကွယ်ခြင်းမှ ကာကွယ်ပြီး၊ ပြန်လည်ပွါးများလာစေရန်၊ ချင်းတောင်ရှိ ဒေသပန်းမာန်မျိုးစိတ်များ မျိုးတုန်းပျောက်ကွယ်ခြင်းမှ ကာကွယ်ပြီး၊ ပြန်လည်ပွါးများလာစေရန်၊ စတဲ့ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေနဲ့ ကျေးရွာအဆင့် လူထုကိုယ်တိုင် ငွေသား၊ ပစ္စည်း၊ လုပ်အားများ၊ အကြံညဏ်ကောင်းများ ပါဝင်တဲ့ ငှက်အိမ်လေးများလှုပ်ရှားမှုကို ဆက်လက် ဆောင်ရွက်သွားလိုပါတယ်လို့ ချင်းအမျိုးသားက ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်