မေ ၉၊ ၂၀၂၆
Zalen
ရန်ကုန်မြို့၊ မဟာဝိဇယစေတီတော်ဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်မှာ အရွက်တွေ အရောင်ပြောင်းလဲခြင်းမှာ နိမိတ်ကောင်းဖြစ်တယ်လို့ ပြောဆိုပြီးနောက် မနေ့ မေ ၉ ရက်နေ့မှာ ညောင်ရွက်တွေ တစ်ရွက်မကျန် ကြွေကျသွားကြတယ်လို့ သိရပါတယ်။
ညောင်ရွက်တွေဟာ အစိမ်းရောင်မှ အဝါရောင်သို့ ပြောင်းလဲသွားပြီး ၎င်းကို ရွှေရောင်ဟုဆိုပြီး စစ်ကောင်စီ ထောက်ခံသူတွေနဲ့ ဘာသာရေးသမားတွေဟာ လူမှုကွန်ရက်ပေါ်မှာ နိမိတ်ကောင်းတယ်လို့ ပြောဆိုကာ လူသိများလာပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ထောက်ခံသူတွေက လက်ရှိ အုပ်ချုပ်ရေးပေါ် ဘုန်းကံရှိသယောင်ယောင် ဝါဒဖြန့်နေပါတယိ။
အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးပညာရှင်က ၎င်းမှာ ဘာသာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အပင်ဟာ ပူပြင်းတဲ့ အပူဒဏ်နဲ့ ရေဓာတ်ခန်းခြောက်မှုကို ခံစားနေရသဖြင့် အသက်ရှင်နိုင်ဖို့ ရေငွေ့ပျံခြင်းကို လျှော့ချတဲ့အနေနဲ့ အရွက်တွေကို ကြွေချလိုက်တာဖြစ်ပါတယ်။
ဘေးပတ်ဝန်းကျင်ရှိ အခြားအပင်တွေကာ အရွက်တွေ လိုက်ဝါလာခြင်းမှာ ထိုဒေသအတွင်း အပူချိန်လွန်ကဲမှုကြောင့် အပင်တွေရဲ့ ဇီဝကမ္မဖြစ်စဉ် ယိုယွင်းလာတာကို ပြသနေတာလို့ ဆိုပါတယ်။
အရွက်တွေအားလုံး ကြွေကျကုန်ခြင်းမှာ နိုင်ငံရဲ့ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေကို ပိုမိုထင်ဟပ်စေတဲ့ ဆိုးကျိုးနိမိတ်သာဖြစ်တယ်လို့ ထောက်ပြသူတွေကလည်းရှိနေပါတယ်။
လက်ရှိ ဆိုရှယ်မီဒီယာများပေါ်မှာ သိပ္ပံနည်းကျ အဖြေထုတ်မှုက ဘာသာရေးနဲ့ ဝါဒဖြန့်ချိရေးထက် ပိုမိုအားကောင်းနေပြီး အသိပညာရှိသူတွေကြား လှောင်ပြောင်စရာဖြစ်လာပါတယ်။
သတင်း-ဆလိုင်း












