နွေဦးတော်လှန်ရေးရဲဘော်များရှိသင့်တဲ့ ယဉ်ကျေးမှု

ရေးသူ – ဒေမီယံ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာရွေးကောက်ပွဲရဲ့ မဲမသမာမှုကို အကြောင်းပြုပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့မှာပဲ စစ်တပ်က တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို စတင်ထိန်းချုပ်ခဲ့တာ အခုဆိုရင် ၂နှစ်ကျော်ကာလကို ရောက်ရှိလာပါပြီ။
စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုကို မကျေနပ်ခဲ့ကြတဲ့ ရဟန်းသံဃာ ကျောင်းသားပြည်သူ လူတန်းစားအသီးသီးက လူမျိုးဘာသာမရွေး တိုင်းရင်းသားပေါင်းစုံဟာ နွေဦးတော်လှန်ရေးဆိုပြီး ငြိမ်းချမ်းစွာနဲ့နိုင်ငံ တစ်ဝှမ်း စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲ့ဒီလို ငြိမ်းချမ်းစွာဆန္ဒပြမှုကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ရာကနေအပြစ်မဲ့ ကျောင်းသားပြည်သူများစွာ သေကြေခဲ့ကြပြီး ထောင်သွင်းအကျဥ်းချနှိပ်စက်ခံခဲ့ကြရပါတယ်။အဲ့ဒီကတစ်ဆင့် ၂၀၂၁ခုနှစ်၊မတ်လကနေစလို့ ပြည်သူ့စစ်
လက်နက်ကိုင်တော်လှန်ရေးဟာလည်း မြို့နယ်အသီးသီးမှာ စတင်ခဲ့ပါတယ်။

ပြည်သူလူထုကိုယ်စားပြုကော်မတီ CRPH မှသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာလည်း စစ်တပ်ကနေအစတည်လာတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)နဲ့ စင်ပြိုင်အစိုးရအဖြစ် ဖွဲ့စည်း တည်ထောင်လာနိုင်ပြီး အောင်ပွဲအလီလီနဲ့အတူတစ်ဖက်မှာလည်း ဝေဖန်မှုများစွာနဲ့ အခုချိန်ထိ ဦးဆောင်ရပ်တည်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်ရဲ့ မတရားဖိနှိပ်အနိုင်ကျင့်မှုကို ပြန်လည်ခုခံတော်လှန်ဖို့အတွက်ကျောင်းသားလူငယ်များစွာဟာ တိုင်းရင်းသားလက်နက်ကိုင် EAOs နယ်မြေများထံသွားရောက်ပြီး စစ်သင်တန်းများ တက်ရောက်ခဲ့ကြပါတယ်။

အခက်အခဲများစွာ၊ပင်ပန်းမှုများစွာကို ကျော်ဖြတ်ခဲ့ကြပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defense Force – PDF) ဆိုပြီး မြို့နယ်အသီးသီးမှာ ဖွဲ့စည်းတည်ထောင်ကာ အောင်မြင်မှုများစွာ ရရှိခဲ့ကြသလို အနာဂတ်ရဲ့အဖူးအငုံ ကြယ်ပွင့်များစွာဟာလည်း လူမသိသူမသိ ကျဆုံးမှုတွေ အများကြီး ရှိခဲ့၊ ရှိနေဆဲ၊ ရှိနေဦးမှာဖြစ်ပါတယ်။

လက်နက်ကိုင်ရမယ်လို့ တစ်ခါမှ မတွေးတောခဲ့ဖူးတဲ့ လူငယ်တွေဟာ ခေတ်စနစ်ရဲ့တောင်းဆိုမှုကြောင့် ဒီလို ခက်ထန်ကြမ်းတမ်းတဲ့ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ် လျှောက်လှမ်းခဲ့ကြပြီး စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ထုတ်မယ်ဆိုတဲ့
ရည်မှန်းချက်နဲ့အတူတပ်ရင်းတပ်ဖွဲ့တွေစုဖွဲ့တည်ထောင်ခဲ့ကြပါတယ်။ စစ်ရေးစစ်ရာနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ အဆိုပါလူငယ်များဟာကာလရှည်ကြာလာတာနဲ့အမျှ လက်နက်ကိုင်တွေ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာများစွာကို ကြုံတွေ့လာကြရပါတယ်။

ကလေး PDF တပ်ရင်းတစ်ခုက အရေးပါတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေတဲ့ PDF အရာရှိလူငယ်တစ်ယောက်က သူကြုံနေရတဲ့အခက်အခဲတွေကို အခုလိုပြောပါတယ်။

“ကျွန်တော်တို့ PDF တွေအနေနဲ့ သိထားရမှာက ကျန်တော်တို့တိုက်နေတာ နိုင်ငံတစ်နိုင်ငံရဲ့ Professional စစ်တပ်ဆိုတာပါပဲ။ နှစ်ပေါင်းများစွာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ မြောက်များစွာကုန်ကျခံပြီး စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတဲ့
ခေတ်မှီစစ်တပ်ကြီးနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အဲ့ဒီတော့ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မိမိရန်သူနဲ့ ပုခုံးချင်းယှဥ်တိုက်နိုင်တဲ့အနေအထားရောက်ဖို့လိုပါတယ်။ အဲ့ဒီအတွက် လေ့ကျင့်မှု၊ကြိုတင်ပြင်ဆင်မှု၊
စိတ်ဓာတ်ရေးရာရော ရုပ်ပိုင်းဆိုင်ရာမှာရော အစစအရာရာ တိုးတက်နေဖို့လိုပါတယ်။ ပြီးတော့ စစ်တပ်တစ်ခုမှာ အမိန့်စီးဆင်းမှုက အသက်သွေးကြောဖြစ်ပါတယ်။ ရှေ့တန်းစစ်မြေပြင်ရောက်မှ အမိန့်နာခံစမ်း ဆိုပြီး လုပ်နေလို့မရပါဘူး။
ကြိုတင်ပြီး အမိန့်စီးဆင်းမှုကိုလည်း စနစ်တကျတည်ဆောက်ယူဖို့လိုပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ သတိထားရမယ့် အခြေအနေတစ်ခုရှိပါတယ်။ တစ်ချို့သောအောက်ခြေရဲဘော်တွေဟာ အထက်အရာရှိက အမိန့််ပေးလာရင်
အာဏာရှင် မဆန်နဲ့ဆိုတဲ့ စကားလုံးနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်တတ်ကြတာပါပဲ။ စစ်ကောင်စီလို စစ်တပ်ကြီးနဲ့ရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက် တော်လှန်ရေးတပ်တွေဟာလည်း စစ်တပ်လိုပဲ ကျစ်လျစ်ခိုင်မာတဲ့ အမိန့်စီးဆင်းမှုနဲ့ အလုပ်လုပ်ရမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အာဏာရှင်ဆန်မှုကိုစစ်တပ်တွေရဲ့ အမိန့်စီးဆင်းမှုနဲ့ မရောထွေးသင့်ပါဘူး။”

မှန်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်နက်ကိုင် တော်လှန်ရေး ကြာရှည်နေရတာဟာ ဒီလို ပြဿနာတွေများစွာကြောင့်လည်း ပါပါတယ်။ကျွန်တော်တို့တိုင်းပြည်ဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဘက်ဘက်မှာ နိမ့်ကျသွားခဲ့ပြီး ထူးသဖြင့် ပညာရေးစနစ်က ကုန်းကောက်စရာမရှိအောင်ကို ခြွတ်ခြုံကျ သွားခဲ့ရပါတယ်။ ပညာရေးစနစ် ပျက်စီးမှုကြောင့် ကျွန်တော်တို့ဟာ တစ်ခြားသော ဘာသာရပ်တွေမှာလည်း အားနည်းသွားခဲ့ကြပြီး၊ နိုင်ငံရေး စစ်ရေးတွေကို စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေလို မဟုတ်သော်ငြားလည်း သာမန်ပြည်သူတစ်ယောက် အနေနဲ့ သိထားသင့်တာလောက်ကို မူကြိုကလေးအဆင့်တောင် တွေးခေါ်စဥ်းစားသုံးသပ်နိုင်စွမ်းမရှိကြတော့ပါဘူး။ ဒါဟာ စစ်အာဏာရှင်အုပ်ချုပ်မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေပဲဖြစ်ပါတယ်။

ဒီနေ့ဒီချိန် နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင် အခန်းကဏ္ဍ အရေးပါသလို စနစ်ဟောင်း၊အတွေးအခေါ်ဟောင်းတွေကိုလည်း ပူးတွဲ တော်လှန် အမြစ်ဖြတ်ဖို့လိုနေပါပြီ။ တော်လှန်ရေးသမားတွေရဲ့ စိတ်ထဲမှာ လူပုဂ္ဂိုလ် (သို့မဟုတ်)
အဖွဲ့အစည်းတစ်ခုခုကို တော်လှန်နေတယ် ဆိုတဲ့ အတွေးမျိုးမရှိရဘဲမှားယွင်းတဲ့စနစ်တစ်ခု၊ လွဲချော်နေတဲ့အတွေးအခေါ်တွေကို တော်လှန်ရမယ်ဆိုတဲ့ တော်လှန်ရေးရည်မှန်းချက်နဲ့ တိုက်ယူဖို့လိုအပ်ပါတယ်။

ဆက်လက်ပြီး ကလေး PDF က တာဝန်ခံအရာရှိက “နောက်တစ်ခုက ရာထူးနေရာယူထားတဲ့လူတွေအနေနဲ့လည်း ကိုယ်ရယူထားတဲ့ ရာထူးအာဏာနဲ့အတူ တာဝန်ယူမှု၊တာဝန်ခံမှုဆိုတာကို မမေ့လျော့ဖို့လိုပါတယ်။ ဥပမာ တပ်ရင်းမှူးတာဝန်ယူထားတဲ့လူဟာ တပ်ရင်းမှူးလုပ်ရမယ့် ကိစ္စအဝဝကို တပ်ရင်းမှူးဂုဏ်အင်္ဂါနဲ့အညီနေထိုင်လုပ်ကိုင်နေဖို့လိုပါတယ်။
ကျွန်တော်တို့ဟာ မနေ့တနေ့ကမှလက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့ကြတာ ဖြစ်တဲ့အတွက် စစ်ကောင်စီလိုမျိုးစနစ်တကျ သင်တန်းတွေ ဘာတွေတက်ပြီး ဒီလိုနေရာတစ်ခုကိုရခဲ့ကြတာမဟုတ်ဘဲ တော်လှန်ရေးရဲ့ တောင်းဆိုမှုအရ ဒီလိုရာထူးနေရာကိုယူထားရတာဖြစ်ပြီး ဒါဟာ ယာယီသာ ဖြစ်ပါတယ်။ကိုယ်တာဝန်ယူတဲ့ကာလမှာအစွမ်းကုန်ကြိုးစားဆောင်ရွက်ရမှာ
ဖြစ်သလို ကိုယ့်ထက်တော်တတ်နားလည်တဲ့သူပေါ်လာရင်လည်း အချိန်မရွေး နေရာဖယ်ပေးဖို့လိုအပ်ပါတယ်။ကျွန်တော်ဆိုလိုတာက သဘောထားကြီးဖို့၊ မိမိအကျိုးထက် တော်လှန်ရေးအကျိုးကိုပဲကြည့်ဖို့ပါ။တကယ်တမ်းကျတော့
ရာထူးအာဏာဆိုတာထက်တာဝန် ဆိုတဲ့အသိစိတ်နဲ့ လုပ်ကိုင်ဆောင်ရွက် နေဖို့က ပိုအရေးကြီးပါတယ်။ဒါမှသာ အောက်ခြေရဲဘော်တွေရဲ့ လေးစားယုံကြည်မှုကိုလည်း တည်ဆောက်ယူပြီးသားဖြစ်သွားမှာပါ။”

လွန်ခဲ့တဲ့ လအနည်းငယ်ခန့်ကကလေးတောင်ပိုင်းမှာပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တွေကို ကျေးရွာပြည်သူများက ဝိုင်းဝန်း ဆန္ဒပြခဲ့ကြတဲ့ ဖြစ်စဥ်တစ်ခုကြားသိရပါတယ်။ ဖြစ်စဥ်အတိအကျကို မသိရပေမယ့် ပြည်သူလူထုအနေနဲ့လည်း ရေရှည်မှာ စားဝတ်နေရေးကြပ်တည်းလာမှု ကြောင့်တပ်ရင်းတပ်ဖွဲ့တွေကို ထောက်ပံ့ ကူညီရာမှာ အဆင်မပြေမှုတွေဖြစ်လာကြပါတယ်။ ဒါကို တော်လှန်ရေးအင်အားစုများကလည်း သဘောပေါက်နားလည်ဖို့လိုပါတယ်။

ပြည်သူကို ဗဟိုပြုထားတဲ့ လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ်ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ ထောက်ခံမှုမပါရင် လက်နက်ကိုင်သူပုန်သပ်သပ်ဖြစ်သွားမှာပါ။ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုနဲ့အတူ ရှေ့ဆက်လျှောက်လှမ်းကြဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်သားရဲဘော်တွေဆိုတာ ဒီပြည်သူထဲကနေပဲ ပေါက်ဖွားလာခဲ့ကြတာ ဖြစ်တဲ့အပြင် အခက်အခဲများစွာကြားက တည်ဆောက်လာရတာဖြစ်တဲ့အတွက်အမှားရှိရင်ပွင့်လင်းမြင်သာစွာထောက်ပြဝေဖန်နိုင်ပါတယ်။ ထိလွယ်ရှလွယ်ဖြစ်စေမယ့်အကြောင်းအရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး အချင်းချင်းထိန်းထိန်းသိမ်းသိမ်းနဲ့ပုဂ္ဂလိက ခံစားမှုကို ဘေးဖယ်ပြီး အများအကျိုးအတွက်ပဲ ဦးစားပေးဖို့ လိုအပ်ပါတယ်။

တော်လှန်ရေးကို အမြန်ဆုံး၊အထိအခိုက်အနည်းဆုံးနဲ့ အောင်အောင်မြင်မြင်ပြီးမြောက်စေလိုတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ဒီစာကိုရေးလိုက်ပါတယ်ခင်ဗျာ။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်