နွေဦးတော်လှန်ရေး ရေချိန်

စာရေးသူ- ဒေမီယံ

သြဂုတ်လ ၂၅ရက်၊၂၀၂၃

“ကျွန်တော်တို့ဟာ စစ်ပွဲဆင်နွှဲနေတာဖြစ်တယ်။ စစ်ပွဲဆိုတာ တိုက်ပွဲများစွာကို မဟာဗျူဟာကျကျဖော်ဆောင်ခြင်းဖြစ်တယ်။ ကျွန်တော်တို့ဟာစစ်ပွဲကို အောင်နိုင်ဖို့လိုအပ်တယ်။ တိုက်ပွဲတိုင်းကိုအောင်မြင်ဖို့မလိုအပ်ဘူး။ တိုက်ပွဲတိုင်းကိုအောင်မြင်ဖို့လည်းမဖြစ်နိုင်ဘူး။ စစ်ပွဲကိုတော့ အောင်နိုင်မှဖြစ်မယ်။”

ကလေးခရိုင်က ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးတင်ခဲ့တဲ့စာထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။

အာဏာသိမ်းကာလ ၂နှစ်ကျော် ၃နှစ်နီးပါး ကာလအတွင်းမှာ လူထုရဲ့နွေဦးတော်လှန်ရေးကြီးဟာ တိုးတက်မှုတွေရှိသလို တစ်ဖက်ကလည်း အပျက်သဘောဆောင်တဲ့ ကိစ္စရပ်တွေအနည်းနဲ့အများရှိလာတာ တွေ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ကလေးမြို့ တောင်ပိုင်းကို ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲ စစ်ကောင်စီကပြင်းပြင်းထန်ထန်ထိုးစစ်ဆင်မှုတွေလုပ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြင် ၁၂၀မမလက်နက်ကြီးနဲ့ နိုင်ငံတကာက တားမြစ်ထားတဲ့ ဓာတုဓာတ်ငွေ့တွေပါ အသုံးပြုတိုက်ခိုက်လာတာကိုတွေ့ရပါတယ်။ ဒါ့အပြင် မြေပြင်ကနေလည်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပြီးကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ တရစပ်ပြင်းထန်ခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းအတတ်နိုင်ဆုံး ခုခံကာကွယ်ခဲ့ပေမယ့်လက်နက်အင်အားမမျှမှုကြောင့် အနေအထားတစ်ခုအထိ နောက်ဆုတ်ပေးခဲ့ရပြီး စိုးမိုးနယ်မြေတစ်ချို့ကိုပါ လက်လွှတ်ပေးခဲ့ရပါတယ်။ ဒီလို ပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲတွေကြောင့်  ကလေးတောင်ပိုင်းက ပြည်သူတွေဟာလည်း ဘေးလွတ်ရာကို တိမ်းရှောင်ကြရပြီးစစ်ရှောင်ဦးရေ ၅၀၀၀ကျော်ခန့် ရှိလာတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

ဒီလို ကာကွယ်ရေးတပ်ဖွဲ့တွေခုခံကာကွယ်ရင်းနဲ့ စိုးမိုးနယ်မြေတွေလက်လွှတ်ခဲ့ရမှုအပေါ် ကလေးဒေသခံပြည်သူတစ်ချို့ရဲ့ဝေဖန်မှုတွေလည်း အနည်းနဲ့အများရှိခဲ့ပါတယ်။

၂နှစ်ကျော်အထိ တည်ဆောက်ထားတဲ့ ကာကွယ်ရေးတပ်က သူတို့ရဲ့ စိုးမိုးနယ်မြေကိုတောင် မကာကွယ်နိုင်ဘူးလား၊ဒီလိုဆိုရင် ရှေ့ဆက်လက်နက်ကိုင်တော်လှန်ရေးက အောင်နိုင်ပါတော့မလား၊လေယာဥ်နဲ့လာပစ်တိုင်း နောက်ဆုတ်ပေးရဆိုရင် တော်လှန်ရေးဟာ ဘာအကျိုးထူးလာတော့မလဲစသဖြင့် မေးခွန်းများစွာ မေးလာကြသူတွေလည်းရှိပါတယ်။

ဒီနေရာမှာ ပြည်သူတွေအနေနဲ့ လက်တွေ့ကျကျ စဥ်းစားတွေးခေါ်လို့ရအောင် အကြောင်းကိစ္စတွေအများကြီးထဲကမှ ထင်သာမြင်သာ ရှိပြီး ဖော်ပြလို့ရတဲ့ အချက်လက်တစ်ချို့ကို စာရေးသူရဲ့အာဘော်အနေနဲ့ အစဥ်လိုက်ဖော်ပြပေးလိုက်ပါတယ်။

၁။နိုင်ငံတစ်နိုင်ငံရဲ့ Professional Army အဆင့်ရှိတဲ့ စစ်တပ်နဲ့ ရင်ဆိုင်နေရခြင်း

ကျွန်တော်တို့ရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆိုတာ ၂၀၂၁၊ဖေဖော်ဝါရီလအထိ စစ်ရေးစစ်ရာအတွက်ဘာမှကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲပြည်သူ့ ဘဏ္ဍာငွေနဲ့တည်ဆောက်လာတဲ့နိုင်ငံတစ်ခုရဲ့ တပ်မတော်ကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတာဖြစ်ပါတယ်။ စစ်ရေးဗျူဟာ၊ လက်နက်အင်အား၊ ငွေကြေးသုံးစွဲနိုင်မှု စသဖြင့် ကွာခြားလွန်းလှပါတယ်။ တစ်နည်းပြောရရင် နှစ်ပေါင်း ၇၀ကျော်ဖြည့်တင်းထားတဲ့ အင်အားစုတစ်ခုကို၃နှစ်ကာလသာရှိသေးတဲ့ အင်အားစုတွေကရင်ဆိုင်တိုက်ခိုက်နေရတာဖြစ်ပါတယ်။

၂။ပညာရေးစနစ် အဖျက်ဆီးခံခဲ့ရတဲ့မျိုးဆက်

ဒီတစ်ချက်ကတော့ စစ်ရေးနဲ့ မသက်ဆိုင်ဘူးဆိုပြီး စောဒကတက်ကောင်းတက်မိပါလိမ့်မယ်။တကယ်တမ်း အတွင်းကျကျ စဥ်းစားကြည့်ရင် ပညာရေးဟာ အားလုံးရဲ့ အခရာ အဓိကကျဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ဖျက်ဆီးခံခဲ့ရမှုကြောင့် ကျွန်တော်တို့ဟာအကြောင်းအကျိုး အကောင်းအဆိုးကိုခွဲခြားသိမြင်နိုင်မှုမှာ အားနည်းသွားကြပြီးProfessional နဲ့ Personal ကို ခွဲမမြင်ကြတော့ဘဲ ပုဂ္ဂိုလ်စွဲ၊ဒေသစွဲ၊လူမျိုးစွဲတွေနဲ့ စည်းလုံးမှုဟာအားနည်းလှပါတယ်။ ဒါကြောင့်လည်း တော်လှန်ရေးဟာ လူထုတစ်ရပ်လုံးအင်တိုက်အားတိုက် ပါဝင်နေပေမယ့် အဲ့ဒီ စည်းလုံးမှုဟာ ခဏပဲခံပြီး အတွင်းထဲမှာကိုယ်ရေးကိုယ်တာမကျေနပ်ချက်တွေ၊ စိတ်ခံစားမှုတွေနဲ့ ပြည်နှက်ခဲ့လို့ လိုတာထက်ပိုပြီး တော်လှန်ရေးဟာ ကြန့်ကြာနေခဲ့တာဖြစ်ပါတယ်။

၃။ချစ်ကြိုက်နေတာမဟုတ်၊စစ်တိုက်နေတာ

စစ်ပွဲရဲ့သဘောတရားဟာ အနိဌာရုံသဘောဆောင်ပါတယ်။ အသက်တွေ၊ဘဝတွေကို လောင်းကြေးထပ်ပြီး မိမိခံယူချက်အတွက်တိုက်ပွဲဝင်ကြရတာမျိုးပါ။ အဲ့ဒီအတွက် ထိလွယ်ရှလွယ်ဖြစ်စေတဲ့ ကိစ္စရပ်တွေအများကြီး ရှိနိုင်ပါတယ်။ကျွန်တော်တို့နိုင်ငံလိုတိုင်းရင်းသားလူမျိုးစုပေါင်းစုံ၊ဘာသာပေါင်းစုံ ယှဥ်တွဲနေထိုင်ကြတဲ့ နိုင်ငံသားတွေအနေနဲ့ဆိုရင်ပိုပြီးတောင် ထိလွယ်ရှလွယ်ရှိပါတယ်။

ဘာသာစကားချင်းမတူ၊ယဥ်ကျေးမှုထုံးတမ်းစဥ်လာချင်းမတူတဲ့အခါ တွေးခေါ်ရှုမြင်ပုံချင်းလည်းကွာသွားပါတယ်။ကွာခြားမှုတွေကို အသုံးချတတ်ရင် ခွန်အားဖြစ်စေပေမယ့်အသုံးမချတတ်တဲ့အခါ “လူမျိုးကြီးဝါဒ” ကပဲကြီးစိုးသွားတာမျိုးပါ။

၄။ မဟာဗျူဟာကျကျ စစ်ကစားရတဲ့အပိုင်းတွေရှိပါတယ်

ဒါကတော့ စစ်ရေးစစ်ရာနားလည်တဲ့သူတွေ ပိုသိပါလိမ့်မယ်။စစ်တိုက်တဲ့နေရာမှာတိုက်ပွဲငယ်လေးတွေ အများကြီးဖော်ဆောင်ရပါတယ်။တိုက်ပွဲတိုင်း အောင်မြင်ဖို့မလိုအပ်ပါဘူး။ဒီလို အင်အားအကန့်အသတ်နဲ့ တိုက်ရတဲ့တော်လှန်ရေးတပ်တွေအနေနဲ့ဆိုရင် ပိုလို့တောင်တိုက်ပွဲတိုင်းအောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ဗျူဟာကစားကွက်အရ တိုက်သင့်တဲ့နေရာတိုက်၊သိမ်းသင့်တဲ့နေရာသိမ်း၊ဆုတ်သင့်တဲ့နေရာဆုတ်ပေးသင့်တဲ့နေရာပေး စသဖြင့် အင်အားကိုချွေတာရင်း စစ်ကစားရတာဖြစ်ပါတယ်။

အကန့်အသတ်နဲ့လာတဲ့ ကိုယ့်ရဲ့ စစ်အင်အားကိုပိုမိုအရေးပါတဲ့ တိုက်ပွဲကြီးတွေအတွက်ချွေတာရပါတယ်။တိုက်ပွဲတိုင်းနိုင်ဖို့မဖြစ်နိုင်ပါဘူး။ တိုက်ပွဲတိုင်းနိုင်ဖို့လည်းမလိုအပ်ပါဘူး။စစ်ပွဲကိုသာနိုင်အောင်တိုက်ဖို့လိုအပ်တာပါ။

၅။ပြည်သူလူထုရဲ့ ပါဝင်ပက်သတ်မှု

ဒီအချက်ကတော့ အရေးကြီးဆုံးဖြစ်ပါတယ်။ပြည်သူလူထုရဲ့ ထောက်ခံမှု၊ထောက်ပံ့မှုမပါဘဲဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ ရပ်တည်လို့မရပါဘူး။ပြည်သူ့ထောက်ခံမှုမပါရင် လက်နက်ကိုင်တပ်ဆိုတာ သူပုန်၊ဓားပြ သာသာ ဖြစ်သွားပါလိမ့်မယ်။ဒါကြောင့် တော်လှန်ရေးတပ်တွေအနေနဲ့ပြည်သူကို ဦးထိပ်ပန်ဆင်ထားဖို့က နံပါတ်၁ဆိုတာကို ခေါင်းထဲထည့်ထားဖို့လိုအပ်သလိုပြည်သူလူထုအနေနဲ့လည်း လူထုတစ်ရပ်လုံးအတွက် အသက်ပေးတိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးရဲဘော်တွေကို မိမိရင်ဝယ်သားကဲ့သို့ ဆုံးမတန်ဆုံးမ၊လမ်းပြတန်လမ်းပြဖေးမသင့်ဖေးမနဲ့ ထိန်းကွပ်သွားဖို့ လိုအပ်ပါတယ်။”ပြည်သူသာအမိ၊ပြည်သူသာအဖ” ဖြစ်ပါတယ်။

ဒီအချက် ၅ချက်ဟာ စာရေးသူအနေနဲ့လက်နက်ကိုင်တော်လှန်ရေးအပေါ်အားမလိုအားမရဖြစ်နေတဲ့ ပြည်သူတစ်ချို့ဖတ်ဖို့ ဖော်ပြရခြင်းဖြစ်ပါတယ်။

“တော်လှန်ရေးက ဘယ်တော့ပြီးမှာလဲ” ဆိုပြီး မေးခွန်းတွေ ခဏခဏထုတ်နေကြတဲ့လူတွေကိုကြည့်လိုက်ရင် တော်လှန်ရေးအတွက်နိုင်ရာနေရာက ပါဝင်သူဟာ သိပ်ကိုနည်းပါတယ်။ဒါတွေကြောင့်လည်း တော်လှန်ရေးဟာပိုမိုကြန့်ကြာနေတာလို့ ယူဆရပါတယ်။

တော်လှန်ရေးပြီးဆုံးမယ့်ကာလကိုသာ တောင့်တနေပြီး တော်လှန်ရေးပြီးဆုံးဖို့အတွက် အားထုတ်မှုမရှိဘဲနေလို့မရပါဘူး။အနည်းဆုံးတော့တော်လှန်ရေး Channel တွေဝင်ကြည့်၊ကလစ်လုပ်ရင်း တော်လှန်လို့ရပါတယ်။နည်းပညာတွေတိုးတက်နေတဲ့ခေတ်မှာအသက်ပေးမှ တော်လှန်တာမဟုတ်ပါဘူး။

စာရေးသူရဲ့ အထက်ပါ ဖော်ပြချက်၅ချက်ကြောင့် စာဖတ်သူအနေနဲ့ တော်လှန်ရေးအပေါ်အနည်းငယ်စိတ်ခုသွားနိုင်ပါတယ်။တကယ်တမ်းမြေပြင်အခြေအနေမှာကောင်းမွန်တဲ့ တိုးတက်မှုတွေလည်းအများကြီးရှိပါတယ်။တစ်ချို့အရာတွေဟာ စစ်ရေးစစ်ရာအတွက် လျှို့ဝှက်သင့်တဲ့ကိစ္စတွေဖြစ်လို့ပြည်သူကို ပွင့်ပွင့်လင်းလင်း ဖော်ပြလို့မရတာကိုလည်း ပြည်သူတွေအနေနဲ့နားလည်ပေးစေချင်ပါတယ်။ဘယ်လိုအခက်ခဲတွေရှိရှိပြည်သူလူထုကိုသာကျောထောက်နောက်ခံထားရင် တော်လှန်ရေးအင်အားစုအနေနဲ့နစ်ပေါင်း၇၀ကျော် တည်ဆောက်ထားတဲ့ယန္တရားကြီးကို အမြစ်က ဆွဲလှန်နိုင်မှာအသေအချာပဲလို့ တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်