နှစ်စဉ်ကျောင်းအဆင့်တိုးမြင့်ခြင်းကို ခဏရပ်စေချင်တယ်လို့ NLD အမတ်ကပြော

ချင်းပြည်နယ် အခြေခံပညာကျောင်းများတွင် ဆရာ၊မ မလုံလောက်မှုအကြောင်းရင်းထဲက ၇၀ ရာခိုင်နှုန်းဟာ နှစ်စဉ်ဆက်တိုက် ကျောင်းအဆင့်မြှင့်တင်ခြင်းကြောင့်ဖြစ်လို့ ခဏရပ်စေချင်တယ်လို့ မတူပီမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလားလ်မင်းထန်ကဆိုပါတယ်။

ဦးလားလ်မင်းထန်က “တစ်နှစ်ပြီး တစ်နှစ် ဆက်တိုက် ကျောင်းအဆင့်တိုးမြှင့်လာတာ ခုဆို (၃)နှစ်ရှိနေပြီ။ ကျောင်းအဆင့်တိုးသာ တိုးတာ။ လိုအပ်တဲ့ဆရာ၊မ မခန့်နိုင်တော့ လစ်လပ်နေရာတွေများလာတယ်။ ဒါကြောင့် လောလောဆယ် ကျောင်းအဆင့်တိုးမြှင့်တာ အားမပေးဘူး။ ခဏလောက်ရပ်စေချင်တယ်။ အခုက အိမ်ခြေ ၄၀ လောက်ရှိတဲ့ရွာက အလယ်တန်း ပတ်ကားရချင်တယ်။ ဒီနှစ်လည်း ကျောင်းအဆင့်တိုးဖို့ အများကြီးပြန်တင်ကြတယ်လို့သိရတယ်။ ချင်းပြည်နယ်မှာ ဆရာ၊မ မလုံလောက်မှုရဲ့ ၇၀ ရာခိုင်နှုန်းက ကျောင်းအဆင့်တိုးတာကြောင့်ဖြစ်တယ်။ ဝန်ထမ်းအပြောင်းအရွေ့ကြောင့် လစ်လပ်သွားတာက သိပ်မပြောပလောက်ဘူး။ အခုက တိုးသင့်တာထက် ပိုတိုးနေတယ်။ အခုလို ဆရာ၊မ အခက်အခဲကို တစ်ခြားမြို့နယ်မှာလည်း ကြုံ့ကောင်း ကြုံ့ပါလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ်တွေမတင်ပြလို့သာဖြစ်မယ်” လို့ပြောပါတယ်။

ဒါကြောင့် ပညာရေးမူဝါဒတွင် ဖြတ်သိမ်းထားတဲ့ နေ့စားလပေးအစီအစဉ်ကို လစ်လပ်ဆရာ၊မ အလွန်များပြားတာကြောင့် ပလက်ဝမြို့နယ်တွင် ၃၀၀ ကျော်၊ မတူပီမြို့နယ်တွင် ၁၀၀ ကျော် ပြည်ထောင်စုက ပြန်လည်ခန့်အပ်လိုက်ပါတယ်။

မတူပီမြို့နယ်တွင် နေ့စားလပေး ဆရာ၊မ (၁၂၀)ကျော်ခန့်အပ်

လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “အခု ပလက်ဝနဲ့ မတူပီမှာ ဆရာ၊မ ထပ်ခန့်လိုက်ပြီးဆိုတော့ လစ်လပ်ဆရာ၊မ စာရင်း update ပြန်မေးမှရမယ်။ ကျောင်းအဆင့်တိုးမြှင့်တဲ့နေရာမှာ အထက်တန်းပိုင်းအားမပေးဘူး။ အရေးကြီးတဲ့ မူလွန်ပဲအားပေးတယ်။ အရင်နှစ်တွေကတော့ တောင်းသလောက်တိုးပေးတယ်။ ဒါကြောင့် ပညာရေးဖောင်းပွသလိုဖြစ်နေတယ်။ ဘယ်လောက်တိုးပေးမယ်ဆိုတာ ရည်မှန်းချက်မရှိဘူး။ လိုအပ်ချက်အရ မဖြစ်မနေတိုးပေးဖို့လိုတဲ့နေရာတွေပဲ တိုးမယ်။ အခု ဒီလကုန်ကျရင် ဘယ်လောက်တိုးမလဲဆိုတာသိမယ်။ ဒါပေမယ့် အဲ့ဒါကို ပြည်ထောင်စုက ပြန်ဖျက်ချနိုင်သေးတယ်” လို့ပြောပါတယ်။

ဒါ့ပြင် မင်းတပ်မြို့နယ်တွင် အလယ်တန်းကျောင်းအုပ် (၁၀)နေရာ၊ အထက်တန်းကျောင်းအုပ် (၃)နေရာ၊ နဲ့ တီးတိန်မြို့နယ်တွင် အလယ်တန်းကျောင်းအုပ် (၈)နေရာ၊ အထက်တန်းကျောင်းအုပ် (၂)နေရာတွေဟာ ဇွန်လကစပြီး လစ်လပ်နေတယ်လို့ ချင်းပြည်နယ် အခြေခံပညာဦးစီးဌာနက နိုဝင်ဘာလ (၆)ရက်တွင် ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ဖော်ပြထားပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ချင်းပြည်နယ်တွင် အ.ထ.က (၂၁)ကျောင်း၊ အ.ထ.က(ခွဲ)-၅၂ ကျောင်း၊ အ.လ.က (၈၀)ကျောင်း၊ အ.လ.က (ခွဲ)-၆၂ ကျောင်း၊ မူလွန်ကျောင်း (၆၅)ကျောင်း၊ အ.မ.က (၅၉)ကျောင်း၊ အ.မ.က(ခွဲ)-၂၂ ကျောင်း စုစုပေါင်း (၃၆၁)ကျောင်းကို မေလတွင် အဆင့်တိုးမြှင့်ထားပါတယ်။

နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်