ဇူလိုင် ၁၅၊ ၂၀၂၆
Zalen
ချင်းပြည်နယ်က မြို့ ၅ မြို့ အပါအဝင် မြို့နယ်ပေါင်း ၅၈ မြို့နယ်ကို စစ်အုပ်ချုပ်ရေး သက်တမ်းတိုးဖို့အတွက် စစ်ကောင်စီဘက်က လွှတ်တော်မှာ တင်ပြထားတယ်လို့ သိရပါတယ်။
အရင်က စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ မြို့နယ် ၆၀ ထဲကနေ သူတို့ပြန်သိမ်းနိုင်ခဲ့တယ်ဆိုတဲ့ ချင်းပြည်နယ်က ဖလမ်းနဲ့ တွန်းဇံမြို့နယ်တို့ကို ချန်လှပ်ပြီး ကျန်တဲ့ ၅၈ မြို့နယ်ကို အရေးပေါ်အခြေအနေ ရက် ၉၀ ထပ်တိုးပေးဖို့ တင်ပြခဲ့တာပါ။
ဒီတင်ပြချက်ကို အာဏာသိမ်းအစိုးရရဲ့ ဥပဒေရေးရာဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ ဒုရှေ့နေချုပ်ဖြစ်သူ ဒေါက်တာထိန်လင်းဦးက ဇူလိုင်လ ၁၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ဟာ လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့ဆိုရင် ရက် ၉၀ ပြည့်တော့မှာပါ။
ဒါကြောင့် နယ်မြေအေးချမ်းသာယာရေးနဲ့ တည်ငြိမ်ရေးအတွက် ဆက်လုပ်ဖို့ လိုသေးတယ်ဆိုပြီး သက်တမ်းထပ်တိုးပေးဖို့ အဆိုတင်သွင်းလာတာ ဖြစ်ပါတယ်။
ဒီအဆိုအပေါ် ဆွေးနွေးချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဇူလိုင်လ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းပေးသွင်းကြဖို့ လွှတ်တော်ဘက်က ကြေညာထားပြီး၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုတော့ ဇူလိုင်လ ၂၁ ရက်နေ့မှာ ထပ်မံကျင်းပသွားမယ်လို့ သိရပါတယ်။
စစ်အုပ်ချုပ်ရေး သက်တမ်းတိုးဖို့ တင်ပြထားတဲ့ ၅၈ မြို့နယ်ထဲမှာ ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ၊ ကယား (ကရင်နီ) ပြည်နယ်ကရှားတော၊ ဖားဆောင်း၊ မယ်စဲ့၊
ကရင်ပြည်နယ်က ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊
ချင်းပြည်နယ်က ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ မင်းတပ်၊ မတူပီ၊စစ်ကိုင်းတိုင်းက ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်၊ မကွေးတိုင်းက ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို တို့ဖြစ်ပါတယ်။
ဒါအပြင် မန္တလေးတိုင်းက ငါန်းဇွန်၊ ရခိုင်ပြည်နယ်က ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်၊ ရှမ်းပြည်နယ်က နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါနဲ့ မိုင်းလားမြို့နယ်တို့လည်း ပါဝင်နေပါတယ်။
Mary
ဓာတ်ပုံ- Bingbibar Laisak(Fb)
#ချင်းပြည်နယ်#စစ်အုပ်ချုပ်ရေးသက်တမ်းတိုး#စစ်ကောင်စီ#လွှတ်တော်တင်ပြ#Zalen




