ဇူလိုင် ၁၅၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်၊ ခမ်းပါတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တောင်သူအများစုဟာ လယ်ယာထွန်ယက်လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘူးလို့ ဒေသခံများထံကသိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လကနေစပြီး ကလေး-တမူးလမ်းပိုင်း ခမ်းပါတ်မြို့ကို စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်ဖို့ ကလေးဘက်ကနေ စစ်ကြောင်း တကြောင်း၊ မော်လိုက်ဘက်ကနေ စစ်ကြောင်းတကြောင်းနဲ့ တမူးဘက်ကနေစစ်ကြောင်းတကြောင်း စစ်ကြောင်းသုံးကြောင်းနဲ့ ခမ်းပါတ်မြို့ကိုဦးတည်ကာ စစ်အင်အားအလုံးအရင်းနဲ့ လေကြောင်းနဲ့ပါ အပြင်းအထန် တိုက်ခိုက်နေလို့ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
” စစ်တပ်က ခမ်းပါတ်နယ်ကို မြေပြင်နဲ့ လေကြောင်းပါအသုံးပြုတိုက်ခိုက်တော့ ဘယ်သူမှမနေရဲကြတော့ဘူး။ လယ်လုပ်ဖို့ကလည်း စစ်တပ်ကိုကြောက်ရ လေယာဉ်ဗုံးကြဲမှာကြောက်ရနဲ့ဆိုတော့လုပ်ကြတော့တာ။ လယ်လုပ်သူကတော့တချို့ ရှိကြတယ် နည်းတယ်။ ၈၀%ရာခိုင်နှုန်းက လယ်မလုပ်ကြတော့ဘူး။ နောက်နှစ်အတွက်က စိတ်ပူရတာပေါ့ လယ်မလုပ်နိုင်တဲ့ တောင်သူကများတော့ စားဝတ်နေရေးကပိုခက်ခဲနိုင်တာပေါ့။ အခုလည်းအလုပ်အကိုင်ကမရှိ စစ်ရှောင်စခန်းမှာဘဲရှိတာလေးစားသောက်နေကြရတာ” လို့ ဒေသခံတဦးက Zalen ကိုပြောပါတယ်။
ခမ်းပါတ်မြို့နယ်မှာ အခုလိုစစ်ရေးတင်းမာနေတဲ့အတွက် လယ်ယာလုပ်ကိုင်လို့မရတဲ့ တောင်သူဟာ ၈၀%ရာခိုင်နှုန်းကျော်ရှိနေပြီး လာမယ့်နှစ်မှာ စားဝတ်နေရေး ခက်ခဲလာမှာကို ဒေသခံပြည်သူများ စိုးရိမ်နေကြတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်ရေးအတွက်အရေးပါနေတဲ့ ကလေး-တမူးလမ်းပိုင်းကို ဇွန်လ ၇ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယနေ့ထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။
သတင်း – S-L
#ခမ်းပါတ်နယ် #တိုက်ပွဲပြင်းထန် #တောင်သူများ #လယ်ယာလုပ်ကိုင်လို့မရ #Zalen




