ဇူလိုင် ၁၅၊ ၂၀၂၆
Zalen
စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ခုနှစ် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်စဉ်ကာလကထဲကစလို့ မြို့ထဲဆက်သွယ်ရေးနဲ့လျှပ်စစ်လုပ်ငန်းများကို ဖြတ်တောက်ထားခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်ဝန်းကျင်မှာ ၎င်းတို့အုပ်စု မြို့ကို ပြန်လည်ဝင်ရောက် ထိန်းချုပ်နိုင်ခဲ့ပြီး မေ ၆ ရက်ကစပြီး ဒေသခံအချို့နဲ့ Non CDMတွေ မြို့တွင်းကို ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ဆက်သွယ်ရေးအခက်အခဲတွက် MEC SIM ကတ်တခုတည်းသာ အသုံးပြုနိုင်နေပြီး အရင်က အသုံးပြုခဲ့တဲ့ MPT၊ Ooredoo နဲ့ Telenor (လက်ရှိ Atom) SIM ကတ်တွေကို အသုံးပြုလို့မရတော့ကြောင်း ဒေသခံတွေဆီက သိရှိရပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်က စတင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲဟာ ၂၀၂၅ ခုနှစ် ဧပြီလအထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း မြို့ရဲ့ ဆက်သွယ်ရေးလိုင်းတွေနဲ့ လျှပ်စစ်ဓာတ်အားပေးစနစ်တွေ ပြတ်တောက်ခဲ့ပါတယ် ။
CNO မှ တာဝန်ရှိသူတဦးကလည်း “ ၂၀၂၄ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်စဉ်ကာလတွေကထဲက ဆက်သွယ်ရေးကွန်ယက်တွေနဲ့ လျှပ်စစ်မီးလိုင်းတွေကို စကစက ဖြတ်တောက်ထားလိုက်ကြ တယ်လို့”သူက ဆိုပါတယ်။
ဖလမ်းမြို့မှာ စစ်ဘေးရှောင်ကာလ မတိုင်ခင် MPT၊ Ooredoo နဲ့ Telenor SIM ကတ်တွေကို ပုံမှန်အသုံးပြုနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ MEC ကွန်ရက်တခုတည်းသာ အလုပ်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အရင်က MPT၊ Ooredoo၊ Telenor တွေ သုံးလို့ရတယ်။ အခုတော့ MEC ပဲ သုံးလို့ရတော့တယ်။ MEC SIM ကတ်ကတော့ ပုံမှန်ဖုန်းခေါ်တာ၊ ဖုန်းလက်ခံတာတွေ လုပ်လို့ရတယ်။ ဒါပေမယ့် ဖုန်းတိုင်းမှာ ထည့်သုံးလို့မရ ဘူး။ အဲဒါကြောင့် သုံးလို့ရတဲ့ဖုန်းနဲ့ SIM ကို တွဲဝယ်နေရတယ်”လို့ ဖလမ်းဒေသခံတဦးက Zalen ကို ပြောပါတယ်။
MEC SIM ကတ်ကို ဖုန်းအမျိုးအစားတိုင်းမှာ အသုံးပြုလို့မရတာကြောင့် အသုံးပြုနိုင်တဲ့ ဖုန်းနဲ့ SIM ကတ်ကို တွဲဖက်ရောင်းချနေပြီး ဈေးနှုန်းက ကျပ် ၂၅၀,၀၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ သိရပါတယ်။
MEC SIM ကတ်တခုတည်းကိုလည်း ကျပ် ၈၀,၀၀၀ ဝန်းကျင်နဲ့ ရောင်းချနေပြီး ဝယ်လိုသူများလာတာ ကြောင့် ဈေးနှုန်းမြင့်တက်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိအချိန်အထိ ဖလမ်းမြို့မှာ MEC ကွန်ရက်တခုတည်းသာ မှီခိုအသုံးပြုနိုင်နေပြီး အင်တာနက်အသုံး ပြုမှု အခက်အခဲတွေ ဆက်လက်ရှိနေသေးတာကြောင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်ရယူရေးနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အခက်အခဲတွေ ဆက်လက်ကြုံတွေ့နေရဆဲပါတယ်။
Vessy
ဓာတ်ပုံ-Bingbipar Laisak(FB)
#ဖလမ်းမြို့ #MECSIM #စစ်ကောင်စီ #ဆက်သွယ်ရေး #Zalen




