ပလက်ဝ-ကျော်တော် ရေကြောင်းလမ်းဒီကနေ့ ပြန်ဖွင့်

စစ်ကောင်စီနှင့် အေအေတို့အကြား တိုက်ပွဲများကြောင့် ၃ လ ကြာပိတ်ထားသည့် ပလက်ဝ-ကျောက်တော် ရေကြောင်းလမ်းကို စစ်ကောင်စီက ဒီကနေ့ ဒီဇင်ဘာ ၃ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။

အခုပြန်လည်ပြေးဆွဲတဲ့ ဇက်ရေယာဉ်ဟာ စစ်ကောင်စီပိုင် ဇက်ရေယာဉ်လို့သိရပြီး အခြားသောရေယာဉ်များ၊ စက်လှေများမှာ သွားလာခွင့်မရရှိသေးကြောင်း ပလက်ဝဒေသခံများထံမှ သိရတယ်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည့်အချိန်က ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို စစ်ကောင်စီမှ ပိတ်ပင်ခဲ့ခြင်းဖြစ်ပါတယ်။

ယင်းနောက် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီနှင့် AA တို့ နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲပြီးနောက်တွင် သုံးလကျော်ကြာပိတ်ထားခဲ့သည့် ကျောက်တော် – ပလက်ဝရေလမ်းကြောင်းကို စစ်ကောင်စီမှ ပြန်လည်ဖွင့်ပေးလာခြင်း ဖြစ်တယ်။

စစ်ကောင်စီရဲ့ ရေကြောင်းလမ်းပိတ်ပင်မှုကြောင့် ချင်းပြည်နယ်တောင်ပိုင်းက မြို့များဖြစ်တဲ့ ပလက်ဝမြို့နှင့် ဆမီးမြို့တို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်သွားခဲ့ပြီး ပလက်ဝမြို့တွင်လည်း ဆန်ပြတ်လပ်လုနီးပါးဖြစ်ခဲ့ကာ ဆန်ရောင်းချပေးရန် စစ်ကောင်စီကို ပြည်သူများက တောင်းဆိုပြုလုပ်ရသည်အထိ ဆန်ပြတ်လပ်ခဲ့ပါတယ်။

ပလက်ဝမြို့ဒေသခံများရဲ့ ပြောကြားချက်အရ ဒီကနေ့ ကျောက်တော်ကနေ ဇက်ရေယာဉ် စတင်ထွက်ခွာလာပြီး ပလက်ဝမြို့ကို ည ၈ နာရီ ၃၀ ခန့်တွင် ပြန်ရောက်မည်ဟု ဆိုပါတယ်။ ယခင်ကတော့ ပလက်ဝ-ကျောက်တော် အကြား ဇက်ရေယာဉ် ၂ ကြိမ်ပြေးဆွဲခဲ့သော်လည်း ခုတော့ ဘယ်လိုပြန်သွားမည်၊ ကုန်ပစ္စည်းသယ်ဆောင်မှုကို ပြန်လည်ခွင့်ပြုမလားဆိုတာကိုတော့ သေချာ မသိရသေးကြောင်း ဆိုပါတယ်။

ပလက်ဝမြို့အတွက် ကျောက်တော်-ပလက်ဝရေကြောင်းလမ်းဟာ အဓိကအားကိုးရတဲ့ ဆက်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး နယ်မြေမတည်ငြိမ်မှုများကြောင့် ရေကြောင်းလမ်းကို ပုံမှန်မပြေးဆွဲနိုင်ပါက ပလက်ဝမြို့အတွက် စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့် ပညာရေးအစရှိသော ကဏ္ဍပေါင်းစုံတွင် အခက်အခဲနဲ့ ရင်ဆိုင်လာရကြောင်း ဆိုပါတယ်။

လက်ရှိတွင် ကျောက်တော်နဲ့ ပလက်ဝကို စစ်ကောင်စီပိုင် ရေယာဉ်တစ်ခုတည်းမှ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှသိရတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်