မတူပီမြို့သားများ “စည်းမဲ့ ကမ်းမဲ့၊ ဥပဒေမဲ့” မနေကြရန် ဒေသခံနဲ့ဌာနပေါင်းစုံအစည်းအဝေးမှာ စစ်တပ်ဘက်ကပြောကြား

ချင်းပြည်နယ် ၊ မတူပီမြို့ခန်းမဆောင်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံတာဝန်ရှိသူများနှင့် ပြည်သူလူထုပေါင်း ၃၀၀ ခန့် ပါဝင်သော အစည်းအဝေးကို ဒီကနေ့ နိုဝင်ဘာ ၃ ရက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

ထိုအစည်းအဝေးတွင် ဌာနဆိုင်ရာ အကြီးအကဲများအားလုံး တက်ရောက်ပြီး ရဲမှူးနှင့် စစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိသူလည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ထိုအစည်းအဝေးတွင် ပြည်သူများအနေနဲ့ “စည်းမဲ့ ကမ်းမဲ့၊ ဥပဒေမဲ့” မနေကြရန် စစ်တပ်က ပြည်သူများကို ပြောခဲ့ကြောင်းသိရပါတယ်။

မတူပီမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် အခွန်ဆောင်ခြင်းများ ရပ်နားထားခဲ့ရာ ခုတော့ အိမ်ခွန်၊ မြေခွန်များနှင့် မီတာခအပြင် အခြားသော အခွန်များကို ပြန်ကောက်တော့မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ရှင်းပြခဲ့ကြောင်းလည်း သိရပါတယ်။ ထို့ကြောင့် အာဏာသိမ်းပြီးနောက် မီတာခ မကောက်ရသေးသော မတူပီမြို့တွင် မကြာခင် မီတာခ ပြန်ပေးဆောင်ရန်ရှိပါတယ်။

ထို့အပြင် မတူပီမြို့တွင် အိမ်အပြင်သွားပါက မှတ်ပုံတင် အမြဲဆောင်ထားရန်လည်း ဆွေးနွေးခဲ့ကြပြီး မြို့အတွင်း သွားလာရန် မှတ်ပုံတင် လိုအပ်လာတော့မည်ဖြစ်ပါတယ်။ ထို့ကြောင့် ဈေးသွားသည်ဖြစ်စေ၊ ဘုရားကျောင်းသွားသည်ဖြစ်စေ အိမ်ကနေ ထွက်လာပါက မှတ်ပုံတင် ဆောင်ရန် လိုတော့မည်ဖြစ်ကြောင်းလည်း သိရပါတယ်။

ပခုက္ကူကနေ မတူပီမြို့ကို တင်သွင်းခဲ့သော ဓါတ်ဆီ ပေပါ ၇၀ ခန့်ကို ဗျူဟာမှူးက ဖမ်းဆီးထားပြီး ထိုဓါတ်ဆီများကို လူတစ်ယောက်လျှင် ဒီဇယ် တစ်ပုံးဖြင့် လာရွေးရမည်ဟုလည်း စစ်တပ်က ပြောကြောင်း သိရပါတယ်။

ထို့ကြောင့် ဓါတ်ဆီပေပါ ၇၀ ခန့်ကို ရွေးရန် ဒီဇယ် ၃ ပေပါခန့် လိုအပ်မည်ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။ လက်ရှိအချိန် မတူပီမြို့တွင် ဒီဇယ်အလွန်ရှားပါးသောကြောင့် ဒီဇယ် ၃ ပေပါ ရရန် မလွယ်ကူကြောင်း၊ သို့သော်လည်း ဗျူဟာမှူးက ဖမ်းဆီးထားသော ဓါတ်ဆီများကို မရွေးနိုင်ပါက မတူပီမြို့တွင် မကြာခင် ဓါတ်ဆီပြတ်တောက်တော့မည်ဖြစ်ကြောင်းလည်း သိရပါတယ်။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်