မတူပီကျောင်းဆရာမကို ပါးရိုက်၊သတ်မယ်လို့ခြိမ်းခြောက်တဲ့ ဗိုလ်ကြီးကိုအမှုဖွင့်မယ်

မတူပီစစ်ဗျူဟာက ဗိုလ်ကြီးပြည့်စုံမင်း(၂၈ နှစ်ခန့်)က မတူပီမြို့အ.ထ.က(၁)ကျောင်းဆရာမ နုဘောင်ကို ပါးရိုက်ပြီး သတ်မယ်လို့ခြိမ်းခြောက်မှု ဒီဇင်ဘာ (၁၈)ရက် ညနေကဖြစ်ပွားပါတယ်။

ဗိုလ်ကြီးပြည့်စုံမင်းနဲ့ ဆရာမနုဘောင်တို့ သမီးရည်းစားဖြစ်စဉ် ၂၀၁၇ ခုနှစ်မှာ ဗိုလ်ကြီးပြည့်စုံမင်းက ၇,၂၀၄,၂၀၀ က ဆရာမထံမှချေးယူထားပါတယ်။ ပြီးတော့ လူမှုရေးကိစ္စကြောင့် ဒီနှစ် (၁၀)လပိုင်းတုန်းက ဗိုလ်ကြီးပြည့်စုံမင်းနဲ့ စစ်ဗျူဟာတာဝန်ရှိသူကိုလိပ်မူပြီး လာရောက်ကြေအေးဖို့ သတိပေးစာပို့ထားခဲ့ပါတယ်။

ဆရာမနုဘောင်က “ဒီကိစ္စဖြစ်ပွားတာက အဲ့ရက် ညနေ (၉)နာရီကျော်ကနေ (၁၀း၃၀)နာရီကြာမှာဖြစ်သွားတာ။ ဒီနေ့ မြို့နယ်ရဲစခန်းကိုသွားပြီးနှုတ်နဲ့တော့လျှောက်ထားပြီ အခုစာနဲ့ရေးတင်ဖို့လုပ်နေတုန်း။ စခန်းမှူးလည်းမရှိတော့ သူတို့လည်း ရောက်လာတဲ့ချက်ချင်းအမြန်ဆုံး အမှုဖွင့်မယ်။ ထိုက်ထိုက်တန်တန်အရေးယူပေးဖို့ အဆုံးထိလျှောက်မယ်”လို့ပြောပါတယ်။

အခင်းဖြစ်ပွားပုံနဲ့ပတ်သက်ပြီး ဆရာမနုဘောင်ကအခုလိုပြောလိုက်ပါတယ်။

“၂၀၁၇ ခုနှစ်တုန်းက သူ့ကို ၇,၂၀၄,၂၀၀ ကိုချေးထားတယ်။ ဒီနေ့ထိတောင်းတယ်။ မရဘူး။ မရတော့တဲ့နောက်ပိုင်း အဖေတို့ကိုပြောပြီးတော့ မနေ့ညက ငွေလာချေမယ်ဆိုပြီး အိမ်ကိုလာတယ်။ သူ့ဗိုလ်မှူးဝင်းနိုင် လည်းပါတယ်။ ကျမဘက်က ရပ်မိရပ်ဖတွေလည်းခေါ်တယ်။ သူက စာချုပ်ပါလာတယ်။ အရင်တုန်းက သူနဲ့လူမှုရေးပတ်သက်ဖူးတာရှိတယ်လေ။ အခုက အကြွေးနဲ့ပဲဆိုင်တယ်။ လူမှုရေးနဲ့မဆိုင်ဘူးလို့ပြောတာ သူလက်မခံဘူး။ စာချုပ်ထဲမှာ ငွေလည်းပေးပြီး အကြွေးလည်းကျေပြီး လူမှုရေးလည်း မတိုင်ဖို့လက်မှတ်ထိုးပေးလို့ပြောတယ်။ အဖေတို့နဲ့စကားပြောတုန်း wave money နဲ့ ငွေလွှဲဖို့ဆိုပြီးအပြင်ကိုထွက်လာတော့ သူငယ်ချင်းတစ်ယောက်ကိုခေါ်ထားတာ မရောက်သေးခင် သူရောက်လာတယ်။ ဘယ်သွားမတုန်းတဲ့။ သူငယ်ချင်းဆီငွေလွှဲဖို့သွားမလို့ပြောတယ်။ ကဲဒါဆိုရင် ဆိုင်ကယ်ပေါ်တက်တဲ့။ ဗိုလ်မှူးတစ်ယောက်လည်းပါတော့ သူဘာမှမလုပ်ဘူးလို့ထင်တာ။ မလိုက်ချင်ဘူး သူငယ်ချင်းတစ်ယောက်ခေါ်ထားတဲ့ သူနဲ့လိုက်မယ်လို့ပြောတယ်။ ဗိုလ်မှူးကလည်း တက်ပါတက်ပါတဲ့။ အဲ့လိုနဲ့ သုံးယောက်စလုံးသွားကြတယ်။ အဲ့ဗိုလ်မှူးက ထမင်းစားဖို့ဆိုပြီးလမ်းမှာဆင်းတယ်။ ဒါနဲ့သူက ဘယ်သူ့ကိုငွေလွှဲမလို့လဲတဲ့။ မပြေဘူးလို့ပြန်ပြောတယ်။ သူက ကဲဒါဆိုဖုန်းနံပါတ်ပြလို့ပြောတော့ မပြဘူး။ အဲ့ဒါနဲ့စပြီး ရန်စတော့တာပဲ။ ဘာဖြစ်လို့လက်မှတ်မထိုးချင်တာလဲတဲ့။ အဲ့မှာ ပါးတွေရိုက်၊ အော်မယ်လို့လုပ်တုန်း ပါးစပ်တွေပိတ်တယ်။ အဲ့ဒါ wave money ဆိုင်ရှေ့မှာဖြစ်တာ။ ဆိုင်ကယ်ပေါ်ကနေခုန်ပြေးတယ်။ သူကနောက်ကနေလိုက်လာတယ်။ မလိုက်တော့ဘူးလို့ပြောတော့ သူက ဆိုင်ကယ်ပေါ်အတင်းဆွဲတင်တယ်။ အဲ့ wave money ဆိုင်အကျော်မှာလည်းထပ်ရိုက်သေးတယ်။ လမ်းဆုံမှာ ဗိုလ်မှူးရှိတယ်လေ။ ဗိုလ်မှူးဆီသွားမယ်ထင်လို့ လမ်းအောက်ထပ်သွားပြီးအဲ့မှာတစ်ခါထပ်ရိုက်သေးတယ်။ မြို့ပြင်ဘက်ကျတဲ့ UTC ကျမ်းစာကျောင်း နားမှာ။ အဲ့မှာလူနေအိမ်တွေမရှိဘူး။ ပြီးတော့ မင်းတပ်ဖက် ကြိုဆိုပါဆိုင်းဘုတ်အနီးဇရပ်နားမှာ ဆိုင်ကယ်ရပ်ပြီး နရင်းတွေအုပ်၊ ခေါင်းတွေရိုက်၊ ပါးတွေရိုက်တယ်။ ဘာဖြစ်လို့လက်မှတ်မထိုးတာလဲတဲ့။ မထိုးဘူးတဲ့။ အဲ့တော့ သတ်ပစ်မယ်။ မြောင်းထဲလွှတ်ပစ်မယ်လို့ပြောတယ်။ အဲ့တော့ နောက်ပိုင်းမခံနိုင်တော့လို့ လက်မှတ်ထိုးလိုက်တယ်။ စာချုပ်ထဲမှာက အကြွေးကျေသွားပြီ၊ လူမှုရေးကိစ္စအဝဝနဲ့လည်းမပတ်သက်တော့ဘူး။ နောက်ခါ လိုင်းပေါ်မှာလည်း လူမှုရေးတွေမကြေအေးနိုင်ဘူးလို့လိုင်းပေါ်မှာလည်းမတင်ရဘူး အဲ့လိုမျိုးတွေပါတယ်။ ပြီးတော့ အပြန် UTC ကျမ်းစာကျောင်းနားမှာသူက မိဘတွေကိုဘယ်လိုပြောမလဲတဲ့။ ကျမက ဖြစ်စဉ်အတိုင်းပဲလို့ပြောတော့သူ ထပ်ရိုက်တယ်။ သူက ကျမစိတ်ဆန္ဒနဲ့လက်မှတ်ထိုးတယ်လို့ပြောစေချင်တာ။ ဒါနဲ့က အိမ်ထိလိုက်ပို့တယ်။ အိမ်ထဲကမြို့မိမြို့ဖတွေကိုဘာပြောလဲဆိုတော့ နုဘောင်က သူ့ဟာသူမျက်နှာနီအောင်လုပ်တာလို့ပြောတယ်။ ဆံပင်တွေဖွလိုက်တယ်တဲ့။ သက်ဆိုင်ရာဌာနတွေကိုဖုန်းဆက်တဲ့ချိန်မှာသူလည်းအိမ်ထဲကနေထွက်သွားတယ်။ ဒဏ်ရာတွေကတော့ ဘယ်ဘက်ပါးဖူးရောင်တယ်။ မျက်စိအောက်မှာ အဖုအလုံးကြီးကြီးထနေတယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်