မျှော်လင့်စရာမရှိတဲ့ မြန်မာ့ခရီးသွားကဏ္ဍ

ကိုဗန်(တောင်ပေါ်မြေ)

၂၀၂၂ခုနှစ် ဩဂုက်လအတွင်း ရန်ကုန်မှာ ခရီးသွားလုပ်ငန်းပြပွဲလေး စလုပ်တယ် လို့ ဖတ်လိုက်ရတယ်။တချို့ကတော့ ခရီးသွားကဏ္ဍကို ပြန်တွန်းတင်ဖို့ လုပ်နေကြပြီ လို့ ဆိုပါတယ်။ စစ်ကောင်စီအုပ်စုကလည်း ခရီးသွားကဏ္ဍ တိုးတက်ဖို့ လုပ်နေတယ် ဆိုပြီး ရုရှားဆီက ဧည့်သည်လာဖို့ မျှော်လင့်နေတယ်။

အမှန်တကယ်ကော ဒီနှစ်ခရီးသွားလုပ်ငန်းတွေ ပြန်ကောင်းလာမှာလား

မြန်မာနိုင်ငံမှာ ခရီးသွားကဏ္ဍကို ပြည်ပ ခရီးသွားနဲ့ ပြည်တွင်းခရီးသွားကဏ္ဍဆိုပြီး (၂)မျိုး ရှိတယ်။
ပြည်ပ ခရီးသွားကဏ္ဍကတော့ ကိုဗစ်-၁၉ ကာလမတိုင်ခင်တုန်းက အကောင်းဆုံးနဲ့ အတိုးတက်ဆုံးအနေအထားမှာ ရှိနေပြီး ဟိုတယ်တွေတောင် မလုံလောက်တဲ့အထိ ကြုံရာကနေ ဟိုတယ်တွေ ဆောက်လုပ်ရေးတွေ တိုးဆောက်ကြရတဲ့အထိ ဖြစ်ခဲ့တယ်။

၂၀၂၀ခုနှစ် ကိုဗစ်-၁၉ ကပ်ဆိုးကြောင့် ခရီးသွားလုပ်ငန်း ရပ်ဆိုင်းသွားခဲ့ရပြီး စီးပွားရေးပါ ကျဆင်းသွားခဲ့ပြီး ၂၀၂၁ခုနှစ် ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေးဦးမော့လာခါနီးမှာ ဒုတိယအကြိမ်ရိုက်ချခံရပြီး နာလန်ကို မထူနိုင်တော့ပါဘူး။ သို့သော်လည်း စစ်ကောင်စီအုပ်စုကတော့ “ကောင်းပါကြောင်း” လုပ်ချင်တာနဲ့ ခရီးသွားလုပ်ငန်းပြန်စဖို့ ပြင်နေတယ်။

298833556_10161992091558128_6990889487814495109_n

သို့သော်လည်း မြန်မာဟာ အန္တရာယ်ရှိဆုံး နိုင်ငံ(၄)ခုစာရင်းထဲ ထည့်သွင်းထားတာမို့ အနောက်နိုင်ငံက ခရီးသွားတွေ လာဖို့က မျှော်လင့်စရာ မရှိ ဖြစ်နေတယ်။ နောက်အဆိုးဆုံးက မြန်မာနိုင်ငံ နယ်စပ်တလျှောက်က မူဆယ်၊ လောက်ကိုင်၊ မိုင်းလား၊ တာချီလိတ်၊ မြဝတီ စတဲ့ ဒေသတွေမှာ ခရီးသွားတွေ၊နိုင်ငံခြားသားတွေကို ဖမ်းဆီးတာ၊ပြန်ပေးဆွဲတာ၊ငွေညစ်တာ၊အလိမ်ခံရတာ၊ လူကိုယ်တွင်းကလီစာတွေ ထုက်ရောင်းခံရတာ စံချိန်တင်မြင့်လာပြီး နိုင်ငံတကာသတင်းတွေမှာပါ ပေါက်လာတယ်။ တရုတ်ဆိုရင် မကြာခဏဆိုသလို ကယ်ဆယ်နေရပြီး စစ်အုပ်စုကလည်း ငွေရရင် ဘေးမဲ့ပေးထားတာမို့ နိုင်ငံရဲ့ ပုံရိပ်ကလည်း ကျဆုံးနေပြီ။

တချို့သတင်းတွေအရဆို အာဖရိကလို နိုင်ငံတွေက လူတွေတောင် လူကုန်ကူးခံရတဲ့အထိ အခြေအနေဆိုးဝါးနေတာပါ။

နိုင်ငံတကာကတော့ မြန်မာနိုင်ငံလို့ပဲ ရှုမြင်ထားကြပြီး ပြည်တွင်းက လူတွေလို နယ်စပ်ဒေသက သပ်သပ်၊ပြည်တွင်းက သပ်သပ်ဆိုတာ သတိထားမိကြမှာ မဟုတ်တဲ့အတွက် ခရီးသွားကဏ္ဍအတွက် ပုံရိပ်ဆိုးတွေပါပဲ။ စစ်ကောင်စီဟာ ဒါတွေကို တားဆီးလိုစိတ်မရှိပဲ ရန်ကုန်၊မန္တလေး၊နေပြည်တော်လောက်ကို ခရီးသွားဧည့်သည်လာဖို့ မျော်လင့်နေတာပါ။ပြီးတော့ ဉရောပ ခရီးသွားတွေထဲမှာ လာရောက်မှု အနည်းဆုံးဖြစ်တဲ့ ရုရှားနိုင်ငံက ခရီးသွားဧည့်သည်တွေကို မျှော်လင့်နေတာပါ။

ပြည်ပခရီးသွားတွေ လူ မရှိလို့ လာနိုင်ခြေနည်း

ကိုဗစ်-၁၉ မတိုင်မှီ မြန်မာမှာ ဧည့်သည်လာရောက်မှု အများဆုံးနိုင်ငံက တရုတ်ဖြစ်ပြီး ဒုတိယက ထိုင်းလူမျိုးတွေပါ။ တရုတ် ခရီးသွားတွေဟာ လာသာ လာကြပေမယ့် ငွေသုံးနည်းလွန်းတာမို့ Zero budget tourism လို့တောင် ခေါ်ခဲ့ကြဖူးတယ်။

ထိုင်းခရီးသွားတွေကလည်း မြန်မာကို လာတာအများဆုံးက ယတြာ ချေဖို့နဲ့ ဘုရားဖူးတဲ့ အဆင့်လောက်ပဲ။ ဆိုတော့ ငွေသုံးမှု နည်းပြီး အနီးအနားခဏ သွားပြီး ပြန်တာ များကြတာမို့ လက်ရှိ စစ်ကောင်စီခောတ်မှာ ဝင်ရောက်ဖို့က နည်းပါးမှာပါ။ဘာကြောင့်ဆို သူတို့နိုင်ငံသည်လည်း စီးပွားရေးတိုးတက်ဖို့ တွန်းတင်နေကြတာမို့ ပါ။

40595670_1855388851204503_7493777986517204992_n

တတိယလာရောက်မှု အများဆုံးက ဗြိတိန်၊ပြင်သစ်၊အီတလီတို့လို့ ဉရောပသားတွေပါ။အများစုက သက်ကြီးပိုင်းတွေ ဖြစ်ပြီး ငွေသုံးနိုင်မှုလည်း မြင့်ပါတယ်။ရက်ကြာကြာနေကြပြီး ငွေအသုံးများတာမို့ တရုတ်ခရီးသွား‌တွေထက်တောင် ဝင်ငွေ ပိုရတာ ဖြစ်ပေမယ့် စစ်ကောင်စီခောတ်နဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေအရ လာကြမှာ မဟုက်ပါဘူး။ ထိုင်းလောက်တောင် ပရိုမိုရှင်း ဆင်းတာ မရှိသလို အရာရာ အကန့်အသတ်ဖြစ်ပြီး လုံခြုံမှု မရှိတဲ့ နိုင်ငံကို လာဖို့က နည်းပါတယ်။

အမေရိကန်လို နိုင်ငံက ခရီးသွားတွေလည်း အများအပြား လာရောက်ဖူးကြပေမယ့် လက်ရှိအခြေအနေအရတော့ လာသူ မရှိသလောက် နည်းနိုင်ပါတယ်။အခန့်မသင့်ရင် အဖြူခရီးသွားတွေဟာ အဖမ်းခံရနိုင်ပြီး တမင်ချောက်ချတာမျိုးတွေလည်း ကြုံနိုင်တာမို့ အများစုဟာ ထိုင်းပဲ သွားကြမှာပါ။

စစ်ကောင်စီကတော့ ရုရှားတွေဆီကနေ ခရီးသွားလာဖို့ မျော်လင့်နေပေမယ့် ရုရှားတွေက မြန်မာကို လာဖို့ ဆိုတာ နည်းပါတယ်။ ပြောရရင် ရုရှားတွေအတွက် စိတ်ဝင်စားစရာနေရာ မဟုတ်လို့ပဲ။ စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ပြည်ပခရီးသွား(၃)သောင်းကျော် လာတယ် လို့ ‌ဆိုပေမယ့် အများစုဟာ စီးပွားရေးဗီဇနဲ့ လာကြသူတွေ များပါတယ်။

တရုတ်လို Zero budget tourism သမားတွေတောင် မြန်မာထက် ထိုင်း၊လာအို၊ကမ္ဘောဒီးယားတို့ကို ပိုသွားလည်နေကြတာ တွေ့ရတယ်။ ကမ္ဘောဒီးယားနိုင်ငံကို ၂၀၂၂ခုနှစ် ပထမ (၇)လအတွင်း ခရီးသွား (၇၄၀,၀၀၀)ကျော် လာရောက်ခဲ့ပြီး နှစ်ကုန်ရင် တစ်သန်းကျော်ဖို့ မျှော်လင့်ထားပါတယ်။ မြန်မာကတော့ ၂၀၂၂ခုနှစ် နှစ်ကုန်ရင် ခရီးသွားဧည့်သည် သိန်းကဏန်းပိုင်းတောင် ပြည့်မယ်မထင်ပဲ အများစုကလည်း Business Visaနဲ့ လာကြတာပဲ ရှိမှာပါ။

ဆိုတော့ မြန်မာခရီးသွားကဏ္ဍာဟာ သိပ်မျော်လင့်စရာ မရှိလှတာ တွေ့ရမယ်။ ၂၀၂၃ခုနှစ်ကျရင်ကော ဆိုရင် မြန်မာ့စီးပွားရေးယိုယွင်းပျက်ဆီးလာတဲ့ အနေအထားမှာ ပြည်ပခရီးသွားဧည့်သည်လာဖို့ဆိုတာ နည်းပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ ပြည်ပခရီးသွားတွေ သွားလာဖို့ မလုံခြုံနိုင်သလို အပိုထပ်ဆောင်းပေးရတာတွေ များတာကြောင့် လာချင်ကြမှာ မဟုက်ပါဘူး။ တရုတ်လူမျိုးခရီးသွားတွေဆို ပိုသတိထားရမယ့် အခြေအနေဖြစ်ပြီး မြန်မာမှာ တရုတ်ဆန့်ကျင်ရေးက တိုးပွားနေတာကြောင့် တရုတ်ခရီးသွားတွေအပေါ် ဆန့်ကျင်တိုက်ခိုက်တာမျိုးတောင် ရှိလာနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်ရေးကဏ္ဍဟာ လာမယ့် ၂၀၂၅ခုနှစ်အထိ မျှော်လင့်စရာ မရှိလှသလို အိမ်နီးချင်းထိုင်းလိုတောင် Market Promotionတောင် မဆင်းပဲ ရှိတာ ပြစားတဲ့ အဆင့်ဟာ မလွယ်လှသေးတာ တွေ့ရမယ်။

ပြည်တွင်းခရီးသွား‌ကဏ္ဍ နည်းနည်းတိုးတက်ဖို့ရှိနေ

မြန်မာနိုင်ငံမှာ ၂၀၂၀ခုနှစ် ကိုဗစ်-၁၉ ကာလက စလို့ ဒေသအသီးသီးကို ခရီးသွားလာတာ ကန့်သတ်ခံရပြီး ‌ပွဲတော်အများစုဟာလည်း ပိက်ထားပါတယ်။စစ်ကောင်စီက ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပွဲတော်တချို့ကို ဖွင့်လှစ်သွားလာခွင့်ပြုခဲ့ပြီး ပွဲငတ်တဲ့ သူတွေကို ဆွဲဆောင်ခဲ့ပေမယ့် ထင်သလောက်အလုပ်မဖြစ်တာ တွေ့ရတယ်။
၂၀၂၂ခုနှစ်မှာတော့ စစ်ကောင်စီဟာ ပြည်တွင်းခရီးသွားတွေ သည်းခြေကြိုက် ဘုရားပွဲတွေကို တကြော့ပြန် ကိုဗစ်-၁၉ တွေ တိုးနေတဲ့ကြားက ပြန်ဖွင့်ပေးဖွယ်ရှိနေပြီး လူအချို့ကတော့ သွားကြတာတွေ ရှိနေမှာပါ။
ပြီးခဲ့တဲ့ သင်္ကြန်ကာလတွေမှာ ချောင်းသာ၊ငွေဆောင်နဲ့ ငပလီတွေမှာ ပြည်တွင်းခရီးသွားဧည့်သည်တွေနဲ့ စည်းကားနေတာတွေ ဖတ်ရပါတယ်။

လက်ရှိ ဝါကျွတ်ကာလပြီးရင် သီတင်းကျွက်၊တန်ဆောင်မုန်းကာလတွေမှာ ဘုရားပွဲတော်တွေ၊ရာသီပွဲတော်တွေ ပြန်စမှာ ဖြစ်တာကြောင့် ပွဲငတ်နေတဲ့ ပြည်သူတွေ သွားချင်စရာ ဖြစ်မှာပါ။

သို့သော်လည်း အရေးကြီးဆုံးက စီးပွားရေးပါပဲ။စီးပွားရေးကျဆင်းနေပြီး ငွေကြေးဖောင်းပွမှုက အဆမတန်မြင့်တက်လာ၊စက်သုံးဆီဈေးတွေကြောင့် သယ်ယူပို့ဆောင်ရေးစာရိတ်တွေ တက်တာမို့ ခရီးသွားဧည့်သည်တွေ နည်းပါးနိုင်ခြေများပါတယ်။

သို့သော်လည်း ပြည်တွင်း ခရီးသွားဧည့်သည်တွေကတော့ အထိုက်အလျှောက် တိုးနေမှာတော့ အမှန်ဖြစ်ပြီး သုံးစွဲမှုစာရိတ်ကတော့ ယခင်ကာလတွေထက် လျော့ကျသွားနိုင်ပါတယ်။ ဘုရားဖူးကား ဌားရမ်းခ၊တည်းခိုခ၊စားစရိက်သောက်စရိတ်တွေကတော့ အာဏာမသိမ်းမှီကာလထက် အနည်းဆုံး (၃)ဆနီးပါး မြင့်တက်လာမှာမို့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်လာနိုင်ပါတယ်။

296284036_358501479818844_7253762264837420019_n

လက်ရှိလည်ပတ်နေတဲ့ ခရီးသွားလုပ်ငန်းအများစုဟာလည်း ပိတ်ထားတဲ့ အခြေအနေမှာ ရှိနေပြီး ပြည်တွင်းခရီးသွားဧည့်သည်တွေ များလာမယ်လို့ မယုံကြည်ထားကြပါဘူး။ ဒါအပြင် နိုင်ငံအနှံအပြားမှာ တိုက်ပွဲတွေဖြစ်၊လမ်းခရီးလမ်းတွေက မလုံခြုံတာတွေ ကြောင့် အများစုဟာ လုံခြုံမှုရှိတယ် ယူဆရတဲ့ မြို့ပြတွေ၊ဘုရားတွေဆီလောက်သာ သွားကြမှာ ဖြစ်ပြီး တစ်နှစ်ကျော်ကြာ မွန်းကြပ်နေမှုတွေကို ဖြေထုတ်ဖို့ ကြိုးစားလာကြမှာပါ။ အများစုကတော့ အေးချမ်းတယ် လို့ ယူဆရတဲ့ ဒေသတွေကို ရွှေ့ကြမှာ ဖြစ်တာမို့ တချို့ ခရီးသွားဒေသတွေဟာ မျော်လင့်ထားတာထက် ပိုစည်ကားတာမျိုးလည်း ဖြစ်နိုင်တယ်။

သို့သော်လည်း ကုန်ဈေးနှုန်းနဲ့ ငွေကြေးမတည်ငြိမ်၊စီးပွားရေးကျနေတဲ့ ဒီလိုအချိန်ကာလမျိုးမှာ လုပ်နေသူတွေ အရှုံးပေါ်တာမို့ ရေရှည်တောင့်ခံနိုင်ကြပါမလားဆိုတာလည်း မေးခွန်းထုတ်စရာပါ။

၂၀၂၅ ခုနှစ်အထိ ရပ်တည်နိုင်အုန်းမှာ မဟုက်တဲ့ ခရီးသွားကဏ္ဍ

ဆိုတော့ မြန်မာနိုင်ငံခရီးသွားကဏ္ဍာကို ကြည့်မယ့်ဆိုရင် ၂၀၂၂ခုနှစ်အတွက်ကတော့ အားရစရာ လုံးဝမရှိသေးတဲ့ အနေအထားပဲ။တချို့ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေတောင် အကြိမ်ကြိမ်လျော့ဈေးနဲ့ ရောင်းချနေကြပေမယ့် ဝယ်သူမရှိသေးတဲ့အထိ ခရီးသွားကဏ္ဍအပေါ် ယုံကြည်မှု ပျောက်နေကြသေးတာပါ။

ရှိနေတဲ့ သူတွေကသာ ဆက်မှေးတောင့်ခံထားကြတာ တွေ့ရပါတယ်။ပြည်ပခရီးသွားဧည့်သည် သန်းချီလာဖို့ စစ်ကောင်စီအုပ်စုက မျော်လင့်နေပေမယ့် ဈေးကွက်ဖောက်တာမရှိ၊အသစ်ချပြတာမရှိ၊ဆန်းသစ်တီထွင်မှုလည်းမရှိ၊အထင်ကရနေရာတွေက ပြပြီး ငွေကောက်စားတဲ့ အဆင့်ကို ပြည်ပခရီးသွားတွေ စိတ်မဝင်စားကြပါ။

ထိုင်းဆိုရင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုပြီး သုံးစွဲခွင့်ပြုတာ၊ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ ဖြေလျော့ပေးတာ၊ဗီဇတွေ လွယ်လွယ်ကူကူ ချပေးတာ၊ရက်ရှည်၊နှစ်ရှည်နေလို့ရအောင် ဖန်တီးပေးတာမျိုးတွေ လုပ်ပါတယ်။ မြန်မာမှာ ဘာတခုမှ ဆွဲဆောင်တာမရှိသလို ပြည်တွင်းစစ်အခြေအနေ၊စီးပွားရေးကျဆင်းမှု၊မူခင်းရာဇာဝတ်များပြားလာမှု၊ဆင်းရဲမှုနဲ့အတူ စစ်ကောင်စီအုပ်ချုပ်မှုတွေကြောင့် ပြည်ပခရီးသွားတွေ လာဖို့က ခက်ခဲနေဆဲပါ။

ပြည်တွင်းခရီးသွားတွေကတော့ အတိုင်းအတာတခုထိ တိုးတက်လာဖို့ ရှိနေပြီး ဝါ ကုန်ရင်တော့ အထိုက်အလျှောက် ခရီးသွားလာကြမယ်လို့ ယူဆရပါတယ်။ အများစုဟာ လူငယ်ခရီးသွားတွေ ဖြစ်ပြီး လုံခြုံမှုရှိတယ် လို့ ‌ထင်တဲ့ ဒေသတွေကိုသွားကြဖို့ များပါတယ်။ “ပုဂံ၊ကလော” လိုဒေသတွေဟာ ၂၀၂၂ခုနှစ်အတွင်း လူငယ်တွေ အကြိုက်တွေ့မယ့် နေရာတွေ ဖြစ်ပြီး စစ်ဖြစ်ပွားရာ နယ်မြေတွေကနေ ဝေးကွာတာကြောင့်ပါ။

သို့သော်လည်း စစ်အာဏာမသိမ်းခင်ကာလက အခြေအနေမျိုး ပြန်ရောက်ဖို့ကတော့ ခက်ခဲနေအုန်းမှာ ဖြစ်ပြီး ခရီးသွားလုပ်ငန်းရှင်တွေကလည်း ရုန်းကန်ရအုန်းမယ့် သဘောပါ။ ခရီးသွားကဏ္ဍကို ပြန်တိုးတက်ဖို့ သေချာစီမံရင်တောင် ၂၀၂၅ခုနှစ်လောက်မှသာ ပြန်ကောင်းမယ့် အခြေအနေမို့ စစ်ကောင်စီရဲ့ စီမံဆောင်ရွက်ပုံတွေအရ မြန်မာခရီးသွားကဏ္ဍဟာ နစ်ပြီးရင်း နစ်ကြဖို့ ပိုများပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ ကျရှုံးသွားတဲ့ စီးပွားရေးကဏ္ဍတွေထဲမှာ ခရီးသွားလုပ်ငန်းကဏ္ဍဟာ ထိပ်ဆုံးမှာ ပါနေတဲ့ ကဏ္ဍ တခုဖြစ်နေတယ်။ ထပ်ပြီးလည်း ပျက်ဆီးသွားအုန်းမယ့် သဘောမို့ အနာဂါတ် မြန်မာ့ခရီးသွားလုပ်ငန်းဟာ အခြေမခိုင်တဲ့ မသေချာမရေရာတော့တဲ့ ကဏ္ဍလို့ ဆိုပါရစေ။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်