မေ ၂၂၊ ၂၀၂၆
Zalen
ထိုင်းနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ မရှိမဖြစ်အရေးပါပေမယ့် လူသိနည်းလှတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေ ရုန်းကန်လှုပ်ရှားမှုနဲ့ ပံ့ပိုးကူညီမှုတွေကို ဂုဏ်ပြုတဲ့ “Together We Build” နံရံဆေးရေးပန်းချီကားကြီးကို ဘန်ကောက်မြို့၊ ထောင်လော်ရပ်ကွက်မှာ တရားဝင်ဖွင့်လှစ်ပြသမှာဖြစ်ပါတယ်။
အဲဒီ ပန်းချီကားကြီးကို ဘန်ကောက်မြို့ရဲ့ အချက်အချာကျပြီး အချမ်းသာဆုံးရပ်ကွက်တခုဖြစ်သော ထောင်လော်ရှိ လမ်းကြားတခုမှာ မေလ ၂၃ ရက် (စနေနေ့) မှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

အမြင့် ၁၀ မီတာနဲ့ အနံ ၁၂ မီတာရှိတဲ့ အဲဒီ နံရံချပ်ပန်းချီကားကြီးကို ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် မြန်မာအနုပညာရှင် ချူးဝေ က ဦးဆောင်ပြီး ဘန်ကောက်အခြေစိုက် မြန်မာအနုပညာရှင်တွေ ဖြစ်ကြတဲ့ စိုင်းချစ်မင်း၊ ခန့်ဝင်းနဲ့ စေတနာ့ဝန်ထမ်း ၄၀ ခန့်တို့က ရက်ပေါင်း ၁၀ ကျော်ကြာ ဝိုင်းဝန်းပုံဖော်ရေးဆွဲခဲ့ကြခြင်း ဖြစ်ပါတယ်။
ဒီပရောဂျက်ကို ဒေသတွင်းနားလည်မှုမြှင့်တင်ရေး ဆောင်ရွက်နေတဲ့ SEA Junction အဖွဲ့၊ ဥရောပသမဂ္ဂ (EU) မှ ရန်ပုံငွေပံ့ပိုးထားတဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO) ရဲ့ Ship to Shore Rights အစီအစဉ်နဲ့ နော်ဝေပြည်သူ့ကူညီရေးအဖွဲ့ (NPA) တို့က ပူးပေါင်းစီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။
ပန်းချီကားမှာ မြန်မာလုပ်သား ၁၂ ဦးနဲ့ ကမ္ဘောဒီးယားလုပ်သား ၁ ဦး၊ ကလေးငယ် ၂ ဦးနှင့် ခွေးတစ်ကောင်တို့ ပါဝင်ပြီး၊ အားလုံးဟာ အနုပညာရှင်တွေက ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံမေးမြန်းခဲ့တဲ့ အမှန်တကယ်ရှိသော ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝပုံရိပ်များကို အခြေခံတာဖြစ်ပါတယ်။
ပန်ချီကားထဲမှာ စမုစခွန်ခရိုင်မှာ စက်ရုံအလုပ်သမားအင်အားလျှော့ချခံရမှုကြောင့် အလုပ်နှစ်ဆ ပိုမိုလုပ်ကိုင်နေရတဲ့ ပုစွန်ခွံနွှာ အမျိုးသမီးလုပ်သားရဲ့ ပုံရိပ်၊ နယ်စပ်ပဋိပက္ခကြောင့် အလုပ်လက်မဲ့ဖြစ်နေသော်လည်း မိသားစုဘဝကို ရုန်းကန်နေရတဲ့ ကမ္ဘောဒီးယား ဆောက်လုပ်ရေးလုပ်သားရဲ့ ပုံရိပ်တွေကို တွေ့ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ရှုပ်ထွေးလှသော ဗျူရိုကရေစီ အလုပ်ဗီဇာလျှောက်ထားမှု စာရွက်စာတမ်းတွဲကြီးကို ခေါင်းပေါ်ရွက်ထားရတဲ့ လုပ်သားတဦးရဲ့ ပုံရိပ်တို့ကို ထည့်သွင်းပုံဖော်ထားပါတယ်။
ဦးဆောင်အနုပညာရှင် မချူးဝေက “သူတို့ (ရွှေ့ပြောင်းလုပ်သားတွေ) ဟာ အခက်အခဲများစွာ ရင်ဆိုင်နေရပါတယ်။ လူတွေကို သူတို့အပေါ် ကိုယ်ချင်းစာစိတ် ထားပေးစေချင်ကြသလို၊ အောက်တန်းနောက်တန်းကျကျ မကြည့်စေချင်ကြပါဘူး။ ဒါပေမဲ့ ဒီပန်းချီကားကို စိတ်ဓာတ်ကျစရာ မဖြစ်စေဘဲ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ထွက်ပေါ်လာအောင် ပုံဖော်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာပြီး အခုအခါ ဘန်ကောက်မှာ ပန်းချီဆွဲ၍ ဝမ်းရေးရုန်းကန်နေရသူ အသက် ၂၈ နှစ်အရွယ် အနုပညာရှင် စိုင်းချစ်မင်းကလည်း “ကျွန်တော် အများကြီး မမျှော်လင့်ပေမယ့် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝနဲ့ ဘယ်သူမှမလုပ်ချင်တဲ့ အလုပ်တွေကို သူတို့ ဘယ်လိုလုပ်ကိုင်ပေးနေကြရလဲဆိုတာကို လူတွေ မြင်စေချင်ပါတယ်။ ဒီပရောဂျက်မှာ ပါဝင်ခွင့်ရလို့ အလွန်ဝမ်းသာပါတယ်” လို့ ဆိုပါတယ်။
လက်ရှိ ထိုင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂ သန်းကျော်နဲ့ ကမ္ဘောဒီးယားလုပ်သား ၅ သိန်းထက်မနည်း (တရားမဝင်လုပ်သားအပါအဝင် စုစုပေါင်း ၃ သန်းနီးပါး) ရှိနေပြီး ရေလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အဓိကမောင်းနှင်အားအဖြစ် တည်ရှိနေကြပေမယ့်လည်း လူမှုအသိုင်းအဝိုင်းမှာ အသိအမှတ်ပြုခံရမှု နည်းပါးနေဆဲ ဖြစ်ပါတယ်။
အခုပန်းချီကားတည်ရှိရာ နံရံကို Thonglor House ဂီတဘားနဲ့ စားသောက်ဆိုင်ပိုင်ရှင် ခွန်ဂျီယပ်က အခမဲ့ ပံ့ပိုးကူညီပေးထားပြီး လာမယ် ၂ နှစ်တာအထိ ထိန်းသိမ်းစောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်။
အဲဒီ Together We Build ပြည်သူ့အနုပညာ နံရံဆေးရေးပန်းချီ ဖွင့်ပွဲအခမ်းအနားကို မေ ၂၃ ရက်၊ ညနေ ၅ နာရီမှ ည ၈ နာရီအထိ Thonglor House မှာ ကျင်းပမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။
ကိုးကား-Khaosod
သတင်း-ဆလိုင်း











