မှန်းချက်နှင့်နှမ်းထွက်မကိုက်ခဲ့သည့် Chinland Council ဖွဲ့စည်းမှုနဲ့နောက်ဆက်တွဲဖြစ်လာနိုင်ခြေများ

စာရေးသူ- R. Lakher

Chinland Council-CC ညီလာခံ ကို Zomi Federation Union (ZFU), Chin National Organization (CNO) နှင့် Mindat-CDF တို့မှ  အားလုံးပါဝင်မှုမရှိခြင်း နှင့် ဒီမိုကရေစီ စံချိန်စံနှုန်းများ နှင့် ဆန့်ကျင်နေသော အချက်များ ကြောင့် ညီလာခံကို မတက်ရောက်နိုင်ကြောင်း ပူးပေါင်းထုတ်ပြန်ချက်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက် နေ့တွင် ထုတ်ပြန်လိုက်ပြီးနောက်၊ ဒီဇင်ဘာ (၇) ရက်နေ့ တွင် ICNCC လည်း Chinland Council-CC ဖွဲ့စည်းမှုကို လက်မခံသည့် ကြေညာချက်ထုတ်ပြန်လာသည် ကို တွေ့ကြရသည်။  Kanpalet- CDF လဲ ညီလာခံကို  မတက်ရောက်ကြောင်း သိရသည်။ ထို့အပြင် Maraland Defense Force (MDF) နှင့် Senthang-CDF တို့လည်း ညီလာခံကို တက်ရောက်ခြင်းမရှိ ကြပေ။ Matupi-CDF အနေဖြင့်လဲ လေ့လာစောင့်ကြည့်သူ (observer) အဖြင့်သာ တက်ရောက်ခဲ့သည်ဟု သိရသည်။

အတိုချုပ်ရရင် CC ကို ကန့်ကွက်သော ချင်းလက်နက်ကိုင် အဖွဲ့ (၆) ဖွဲ့ အထက် ရှိနေသည် ကိုတွေ့ရသည်။ CNF/CNA နှင့် နှိုင်းယှဥ်ရင် CNO ၊ ZFU နှင့် Mindat-CDF တို့သည်  အတွေ့ကြုံအရ၊ စွမ်းဆောင်ရည်အရ CNF ကို မမှီနိုင်သေး သော်လည်း စခန်းသိမ်း တိုက်ပွဲများအထိ ဆင်နွှဲ နိုင်ခဲ့ ကြသည်ကို တွေ့​ခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် လက်ရှိချင်းအရေးတွင် CNF/CNA သည် နံပါတ် ၁  ဆိုလျှင် နံပါတ် ၂၊၃၊၄ တို့သည် Mindat-CDF, CNO နှင့် ZFU များဖြစ်ကြပြီး ဤ (၃) ဖွဲ့ တို့ကို ချင်းအရေး တွင် လျော့တွက်လို့မရတော့ပေ။

လက်ရှိ​တွင် ICNCC နဲ့ CC ကို လက်မခံသောအဖွဲ့များဆိုပြီး ချင်းတော်လှန်ရေး အင်အားစု (၃) စုကွဲနေပြီ ဟုဆိုရမည်​ဖြစ်သည်။ထို့ကြောင့် Chinland Council ဖွဲ့စည်းမှုသည် မှန်းသလောက်မအောင်မြင်ဟု ဆိုရမည်ဖြစ်သည်။ ထို့အပြင် တော်လှန်ရေးအင်အားစု (၃) စု အကြား မကြာခင် ကြီးမားသော နိုင်ငံရေး စစ်ရေးအားပြိုင်မှုများ နှင့် ပွတ်တိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်။

မှန်းသလောက် မအောင်မြင်ခဲ့ရသည့် အကြောင်းရင်း (၅) ချက်-

(၁) ချင်းတော်လှန်ရေး အင်အားစုများ အားလုံးလွှမ်းခြုံမှုမရှိခြင်း (Lack of Inclusiveness) ။ ဥပမာ- MDF နဲ့ Senthang-CDF တို့ကို ညီလာခံကိုမဖိတ်ပဲ ဖယ်ချန်ထားခြင်း။ တခြား လက်နက်ကိုင်မဟုတ်သော အင်အားစု များမပါဝင်ခြင်း။

(၂) CNF/CNA အဆမတန် နေရာယူနေခြင်း နှင့် CC ကို CNF/CNA မှ လိုသလိုထိန်းချုပ်ချယ်လှယ်မည်ဟု ချင်းလက်နက်ကိုင်များအ​ကြား စိုးရိမ်မှုများ​​နေခြင်း။တစ်နည်းအားဖြင့် CNF/CNA အပေါ် ယုံကြည်မှု အားနည်း နေခြင်း။

(၃) လုံလောက်သော တိုင်ပင်ဆွေးနွေး ညှိနှိုင်းမှု (Negotiations) များမပြုလုပ်ခဲ့ခြင်း။ အမြင်မတူမှုများကို ပေါင်းစည်းရန် လုံလောက်သော အချိန်မပေးပဲ အမြန်ဆုံး ညီလာခံဖြစ်မြောက်ရေးကိုသာ ဦးစားပေးခြင်း။ ဥပမာ- CC ဖြစ်ရောက်ရေး ကော်မတီသည် CNO/CNDF နှင့် တစ်ကြိမ်မျှသာ ညှိနှိုင်းခြင်း။ နစ်ကြိမ် သုံးကြိမ် ညိုနှိုင်းမှု မပြုလုပ်ခြင်း။ ချင်းပြည်နယ်ကဲ့သို့ လူမျိုးစုကွဲပြားရှုပ်ထွေးမှုမရှိသော ကရင်နီ ပြည်နယ် ကို အတုယူပြီး မြန်မြန်ဆန်ဆန် တော်လှန်ရေးအစိုးရ ဖွဲ့စည်းလိုခြင်း များသည် မှားယွန်းသော အားနည်းချက် ခြေလှမ်းများဖြစ်သည်။

(၄) ချင်းအမျိုးသားများ စည်းလုံးမှု (Unity) ကို အဓိက ဦးစားမပေးခြင်း။ ချင်းအမျိုးသား တစ်ရပ်လုံးလက်ခံပြီး၊ အမျိုးသားတစ်ရပ်လုံးကို လွှမ်းခြုံမည့် ​Council တစ်ခု ပေါ်ပေါက်လာရေးကို ဦးထိပ်မထားခြင်း။

(၅) CC ညီလံခံ ဖြစ်မြောက်ရေးကို ဦးဆောင်သော ခေါင်းဆောင်မှု (Leadership) ပိုင်းအားနည်းချက်များ ရှိနေခြင်း။

နောက်ဆက်တွဲ ဖြစ်လာနိုင်ခြေ အကျိုးဆက်များ-

  • Chinland Council သည် ချင်း​ပြည်သူ အများအ​ပြား ကန့်ကွက်ဝေဖန်မှုများကြားက ​​ရှေ့ဆက် သွားမည် ဖြစ်ပြီး မပါဝင်သေးသော အဖွဲ့များကို နည်းလမ်းပေါင်းစုံဖြင့် စည်းရုံးလာနိုင်သည်။ သို့သော် လက်ရှိ CC ဖွဲ့စည်းမှုအခြခံမူများကို ပြောင်းမှသာ စည်းရုံးနိုင်မည် ဖြစ်သည်။ စည်းရုံးမှု အောင်မြင်ပါက ချင်း အမျိုးသားရေးအတွက် ကြီးမားသော အောင်မြင်မှု ဖြစ်မည်။ သို့သော် CC အတွင်း အတွင်းရေး ပြဿနာများ (Internal Conflicts) လည်း အချိန်မရွေးပေါ်လာနိုင်သည်။ ထို့အပြင် အချိန် အနည်းငယ် ကြာလာသည် နှင့်အမျှပြိုကွဲသွားနိုင်သည် (သို့မဟုတ်) နာမည်မျှသာ ရှိပြီး ​မြေပြင်တွင် ထိရောက် သောလုပ်ငန်းများ လုပ်​ဆောင်နိုင်ခြင်းမရှိသည့်အဖွဲ့မျှသာ ဖြစ်သွားနိုင်သည်။
  •  ZFU, CNO, Mindat-CDF, Kanpalet-CDF, MDF, Senthang-CDF, Matupi-CDF နှင့် တခြားသော တော်လှန်ရေး အင်အားစုများ ပေါင်းပြီး CC နှင့်အပြိုင် Chin Council (or) Congress တစ်ခုခု ကို ဖွဲ့စည်း လာနိုင်သည်။ ထိုသို့ ဖွဲ့စည်းလာလျှင် အင်အားစု ကြီး နစ်စု အပြိုင် ဖြစ်သွားမည်။ထို့အပြင် ICNCC သည် CC ကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် ဤအစုအဖွဲ့များနှင့် ပူးပေါင်း ရပ်တည်လာနိုင်သည်။
  •  မြို့နယ်နှင့် လူမျိုးစုငယ်များအကြား CC ကိုထောက်ခံသော အဖွဲ့ နှင့်မထောက်ခံသော အဖွဲ့များ ကွဲပြဲ ပေါ်ထွက်လာနိုင်သည်။ ဥပမာ- မရာလူမျိုးစု အကြား CC ကိုထောက်ခံသော အဖွဲ့ (CDF-Mara) နှင့် မထောက် ခံသော အဖွဲ့ (MDF) နှစ်ဖွဲ့ ကွဲခြင်း။ ထိုကဲ့သို့ တခြား CDF အဖွဲ့များအတွင်း CC ကိုထောက်ခံသော တပ်ရင်း (သို့) တပ်မဟာ နှင့် မထောက်ခံသော တပ်ရင်း (သို့) တပ်မဟာများ ပေါ်ထွက်လာနိုင်သည်။ ဥပမာ- Matupi-CDF တပ်ရင်း ၂ သည် CNF/CNA ကိုထောက်ခံပြီး ကျန်သော တပ်ရင်းများမှာမူ ထောက်ခံမှုမရှိသည်ကို တွေ့ရသည်။ 
  • စစ်အာဏာရှင်ကို တော်လှန်း ခြင်း ​မှ ချင်း တော်လှန်ရေးအင်အားစုများအကြား အားပြိုင်မှုများ နှင့် အချင်းချင်းကြား မလိုလားအပ်သော ပဋိပက္ခများဆီ ဦးတည်ချက် ပြောင်းလာနိုင်သည်။
  • ရှမ်းပြည်နယ် ကဲ့သို့ ဖြစ်လာနိုင်သည်။ လက်နက်ကိုင်အချင်းအချင်း များအကြားစစ်ရေးပဋိပက္ခများ နှင့် နိုင်ငံရေးရှုပ်ထွေးမှုများဖြစ်လာ နိုင်သည်။

အကြံပြုချက်များ

၁။ ​ရောဂါကို အချိန်မှီကုသရမည်။

ပြဿနာတစ်ခုကို မကြီးလာခင် ဖြေရှင်းခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ရောဂါသည် အစ ပိုင်းတွင်   ကုသရန်လွယ်ကူသော်လည်း နောက်ပိုင်းတွင် ကုသရန်ခက်သွားသည်။ လက်ရှိ ချင်းအမျိုးသားရေး တည်ဆောက်ရေးသည် ချင်းလူမျိုးစုပေါင်းစုံ (ချင်းလက်ကိုင်ပေါင်းစုံ)အကြား စည်းလုံးခြင်းတည်​ ဆောက်ရေးမှ အစပြုရမည်ဖြစ်ပြီး ချင်းသမိုင်းတွင် မကြုံ ဖူးသော စိန်ခေါ်မှုကြီး တစ်ရပ်ကို ရင်ဆိုင် နေကြခြင်းဖြစ်ပါသည်။ အမျိုးသားတည်ဆောက်ရေးတွင် အားနည်းချက် အမှားတစ်ခုတိုင်း၏ နောက်ဆက်တွဲအကျိုးဆက်သည် ကြီးမားလှသည်ကို မမေ့သင့်ပေ။ ထို့ကြာင့် အနာမကျက်ခင် ဆေးလူး ရန်လိုအပ်မည်ဖြစ်ပြီး ချင်းနိုင်ငံရေးပြဿနာများ ဒီထက်ပိုပြီး မရှုပ်ထွေးခင် လိမ္မာပါးနပ်စွာ ကိုင်တွယ် ဖြေရှင်း ရန် ကြိုစားသင့်သည်။

၂။ ချင်းပြည်သူ စည်းလုံးရေးကို နံပါတ် (၁) ထားရမည်။

CC တာဝန်ရှိသူများအနေဖြင့် သမိုင်းတရာခံများမဖြစ် ရလေအောင် ချင်းပြည်သူများအကြား စည်းလုံးရေးကို နံပါတ် (၁) တွင် ထားရန် လိုအပ်မည်​​​ ဖြစ်သည်။ထို့ကြောင့် ချင်းအမျိုးသားအားလုံးလွှမ်းခြုံနိုင်မည့် နိုင်ငံရေးနည်းလမ်း အဖြေ တစ်ခုကို ပြန်လည် စဥ်းစား အ​ဖြေရှာသင့်ပါသည်။ ယနေ့ CC ကို လက်မခံသေးသော သူများ၏ အမြင်များ နှင့် တောင်းဆိုချက်များ ကို ထည့်သွင်းနိုင်ရန် ညှိနှိုင်းမှုများ ထပ်ခါထပ်ခါ ပြန်လည် ပြုလုပ်သင့်သည်။ လိုအပ်သော့ အလျာ့အတင်းများ ကို လက်ခံနိုင်ရမည်။

၃။ တစ်ရာ ရာခိုင်နှုန်း အောင်မြင်မှုပန်းတိုင်ထားရမည်။

၈၀ ရာခိုင်နှုန်းအောင်မြင်ရင် ပြီးရော၊ ၇၀ ရာခိုင်နှုန်း အောင်မြင်ရင် ပြီးရော မလုပ်သင့်ပေ။  ချင်းအမျိုးသား တည်ဆောက်​ရေးလုပ်ငန်းကြီး(Chin National Building) ဖြစ်သည်။ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုကို ပန်းတိုင်ထားပြီး ချင်းလူမျိုးစု တစ်စု မကျန်၊ ချင်းတော်လှန်ရေးအင်အားစု တစ်စုမကျန် (No-one leave behind) တွဲ့ခေါ်ရန် လိုအပ်သည်။

ချင်းတော်လှန်ရေး အောင်မြင်ပါစေ။

ချင်းအမျိုးသားတည်ဆောက်ရေး အောင်မြင်ပါစေ။

Chinland တည်ဆောက်ရေးအောင်မြင်ပါစေ။”

  R.Lakher

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်