ရင်းနှီးမြုပ်နှံမှုနှင့်တာဝန်

 

 

 

 

ရင်းနှီးမြုပ်နှံမှုနှင့်တာဝန်

ဆလိုင်းဘွေး ( ချင်းမိုင်)

ရင်းနှီးမြုပ်နှံမှုဆိုတဲ့ စကားရပ်ကို လေ့လာရာတွင် လူတစ်ဦးလိုက်သော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော် လည်းကောင်း မိမိတို့ငွေကြေးအရင်းအနှီးကိုထုတ်သုံးပြီး ရေရှည်အတွက် အကျိုးအမြတ်ရယူရန် မျှော်မှန်းခြင်း၊ အသုံးပြုခြင်းဟုဆိုနိုင်ပါသည်။ အထူးသဖြင့် ရင်းနှီးမြုပ်နှံသူနှင့် ရင်းနှီးမြုပ်နှံသည့် လုပ်ငန်းဟူသော စကားရပ် နှစ်ခုကို တွေ့နိုင်ပါသည်။ ရင်းနှီးမြုပ်နှံသူများ အနေဖြင့် ရင်းနှီးငွေများ ပြန်လည်ရရှိရန် တွက်ချက်ပြီးမှသာ နည်းဗျူဟာကျကျ စဉ်းစားပြီး ရင်းနှီးမြုပ်နှံသင့်၊ မသင့်ကို ဆုံးဖြတ်လေ့ရှိသည်။ ထိုသို့စဉ်းစားရာတွင် အခြေခံအားဖြင့် ရင်းနှီးမြုပ်နှံမှု အညွန်းကိန်းများ၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများနှင့်ခိုင်မာသော မူဝါဒများကို အခြေခံ စဉ်းစားလေ့ရှိသည်။ အထူးသဖြင့် စီးပွားရေးကို ထိခိုက်လာနိုင်သည့် အတားအဆီး၊ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ချင့်ချိန် သုံးသပ်လေ့ရှိပါသည်။

ပြီးခဲ့သည့်အပတ်တွင် ရန်ကုန်မြို့ရှိ Myanmar Convention Center တွင် ချင်းပြည်နယ်၏ ရင်းနီးမြှုပ်နှံဆိုင်ရာ ဆွေးနွေးပွဲနှင့် လုပ်ငန်းဆိုင်ရာ မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပလာနိုင်ခြင်းသည် ကောင်းမွန်သည့် လက္ခဏာ တစ်ရပ် ဟုဆိုနိုင်ပါသည်။ အထူးသဖြင့် ချင်းပြည်နယ်အတွင်း ရင်းနီးမြှုပ်နှံမှုမြင့်တင်နိုင်ရန် ရည်ရွယ်လျက် ကြိုးပမ်းချက်ပင်ဖြစ်သည်။ ပထမဦးဆုံးသော ပွဲဖြစ်သည့်အတွက် အားသာချက်၊ အားနည်းချက်များလည်း တွေ့မြင်ရသော်လည်း နောက်နောင် ပွဲများအတွက် ကြိုတင်ပြင်ဆင်ရန်များစွာ လိုအပ်ပါသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ချင်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (CSCCI)၊ ဓန Facility နှင့် VDB Loi Company Limited တို့ ၏ ကြိုးပမ်းအားထုတ်မှုကို ဂုဏ်ပြုရမည်ဖြစ်သည်။ ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်ပ အခြေစိုက် အသေးစားနှင့်အလတ်စား လုပ်ငန်းရှင်များလည်း မိမိတို့ထုတ်ကုန်များကို ပြသနိုင်ခဲ့ ပါသည်။ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ၊ ချင်းပြည်နယ်ကို စိတ်ဝင်စားသောလူငယ်များ၊ အရပ်ဖက် အဖွဲ့အစည်များလည်း များစွာ တက်ရောက် လာသည်ကို တွေ့မြင်နိုင်ပါသည်။

ပွဲကျင်းပနိုင်သည့်အတွက် ဂုဏ်ယုူရသလို ပြင်ဆင်သင့်သည်ဟု ယူဆသော အချက်များလည်း ဖေါ်ပြလိုပါသည်။
မိမိတစ်ဦးချင်းအနေဖြင့် ချင်းပြည်နယ် အခြေစိုက်အသေးစား ဆောက်လုပ်ရေးလုပ်ငန်းများ၏ အခန်းကဏ္ဍမှာ များစွာလိုအပ်သေးသည်ဟု ရူမြင်ပါသည်။ ချင်းပြည်နယ်၏ ရန်ပုံငွေခွဲဝေမှု၊ သုံးစွဲမှုကို လေ့လာပါက လမ်းတံတားနှင့် ဆောက်လုပ်ရေး လုပ်ငန်းများသာ ဖြစ်ပါသည်။ ထိုလုပ်ငန်းများကို ဆက်လက်လေ့လာပါက အတွေ့အကြုံနည်းပါးသော ပြည်နယ်အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုသာ မြင်တွေ့ရပြီး အရည်အသွေး မမှီသော လမ်း၊ တံတားများ၊ အိမ်ရာများဟု အမြဲဝေဖန်မှုများနှင့်ကြုံတွေ့နေရသည်။ လုပ်ငန်းပြီးစီးမှု မရှိသော လုပ်ငန်းများစွာကို လည်းလက်ရှိချိန်ထိ တွေ့မြင်နိုင် သည်။ အထူးသဖြင့် ချင်းပြည်နယ်အတွင်း အရည် အသွေးမြင့်သော လမ်း၊ တံတားနှင့်ဆောက်လုပ်ရေးလုပ်ငန်း များဖြစ်ပေါ်လာစေရန်အတွက် အတွေ့အကြုံရှိသော ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ဖက်စပ်လုပ်ဆောင် သောလုပ်ငန်းများ၊ အကျိုးတူ လုပ်ငန်းများ လိုအပ်ပါမည်။ ထို့ကြောင့် ပြည်နယ်အခြေစိုက် လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းရင်းနှီးမြုပ်နှံသူများနှင့် နည်းပညာ သော်လည်းကောင်း၊ ငွေကြေး၊ စက်ပစ္စည်းများကိုပါ ပူးတွဲ လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးသင့်သည်။ ထို့အပြင် ပြည်နယ်အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းရှင်များကိုလည်း ဆွေးနွေးပွဲများ တွင်ထည့်သွင်း ဆွေးနွေးစေသင့်ပါသည်။

ဒုတိယအချက်အနေဖြင့် ပွဲတက်လာသော ဧည့်သည်များ၏ အခြေအနေကို သတိပြုရန်လိုအပ်ပါသည်။ ရင်းနှီးမှုနှံမှုအစီအစဉ်များကို အင်္ဂလိပ်ဘာသာဖြင့်သာပြောဆိုဆွေးနွေးခြင်းသည် တက်ရောက်လာသော ပြည်တွင်း ရင်းနှီးမြုပ်နှံသူများ၊ လေ့လာသူများ၊ စိတ်ပါဝင်စားသောသူတွေကို သွယ်ဝိုက်သော ခွဲခြားဆက်ဆံမှုကို ဖြစ်ပေါ်စေသည်။ ပွဲဖြစ်မြောက်ရေးကို အဓိက ထောက်ပံ့ပေးသူမှာ UKAid နှင့် ဓန Facility ဖြစ်သော်လည်း တက်ရောက်လာသူ အများစုမှာ ဗမာစကားကိုသာ ပြောဆိုနေသောသူဖြစ်သည့်အတွက် ဗမာစကားကိုသာ အဓိက သုံးစွဲသင့်ပါသည်။ ပြည်ပလုပ်ငန်းရှင်များ၊ INGO အဖွဲ့အများစုမှာ မိမိတို့ဘာသာပြန်သော်လည်းကောင်း၊ ဘာသာပြန်ပေးမည့်သူများကို ငှားရမ်းအသုံးပြုပြီးဖြစ်သည့်အတွက် အင်္ဂလိပ်ဘာသာစကားကို အသုံးပြုရန် လိုအပ်မည်မထင်ပါ။ အလှူရှင်အဖွဲ့အစည်း၏ လွမ်းမိုးမှုများသည့် ရုပ်သွင်ပုံ မရှိစေရန်လည်း လိုအပ်ပါသည်။

တတိယအချက်အနေဖြင့် ဆွေးနွေးပွဲအစီအစဉ်တွင်လည်း အချိန်နည်းသည်ကို သတိပြုမိသည်။ ဆွေးနွေးမည့်သူများအနေဖြင့်လည်း မိမိတို့လုပ်ငန်း၊ ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ကောင်းမွန်စွာ ဆွေးနွေးနိုင်ရန်အတွက် အချိန်လိုအပ်ပါသည်။ တစ်ဦးချင်း မိတ်ဆက်အပြီး တက်ရောက်လာသူများကို မေးခွန်းတိုက်ရိုက်မေးမြန်းချင်ရင်လည်း နှစ်ဦးနှစ်ဖက်အတွက် အခက်အခဲဖြစ်စေပါသည်။ ထို့ကြောင့် မိမိတို့လုပ်ငန်းများကို အကျဉ်းချုပ်ဖေါ်ပြပြီးမှသာ မေးမြန်းဆွေးနွေးခြင်းများလုပ်ဆောင်သင့်သည်။ ဆွေးနွေးပွဲသည် တက်ရောက်လာသူများအထူးစိတ်ဝင်စားသည့် အကြောင်းအရာဖြစ်သည့်အတွက် ပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမှု များကိုသာ ဖိတ်ခေါ်ခြင်းသက်သက်ထက် ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့် ရှိရင်းလုပ်ငန်းရှင်များ လိုက်နာနေသည့် မူဝါဒများကို ရှင်းလင်းတိကျစွာ တင်ပြသင့်သည်။ ပြည်နယ်အစိုးရမှ ချပြသည့် မူဝါဒများသက်သက်ထက် လက်ရှိလုပ်ငန်းရှင်များမှ အတွေ့အကြုံများကို ဆွေးနွေးပေးသင့်သည်။ ဥပမာအားဖြင့် ချင်းပြည်နယ်အစိုးရအနေဖြင့် ရေရှည်အကျိုးကို မျှော်မှန်းသည့်အတွက် ရင်းနှီးမြုပ်နှံသူများကို Cooperate Social Responsibility (CSR) မြှင့်တင်ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုကို အားပေးခြင်းရှိကြောင်းနှင့် ထိုသို့သော လုပ်ငန်းရှင်များကို မည်ကဲ့သို့သော အခွင့်ထူးများ ခံစားခွင့်ပြုကြောင်း အစရှိသဖြင့် ဖိတ်ခေါ်နိုင်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြုပ်နှံမှုကို အကောင်းမြင်သည့် လုပ်ငန်းဟုမြင်သော်လည်း ရင်းနှီးမြုပ်နှံမှုများကြောင့် ပြဿနာများစွာကြုံရသည့် အတွေ့အကြုံများစွာရှိသည့်အတွက် ရှောင်ရန်၊ ဆောင်ရန်များကိုလည်း အသိပေးသင့်သည်။ လက်တွေ့ပြဿနာကြုံတွေ့မှသာ ဖြေရှင်းခြင်းထက် ကြိုတင်ကာကွယ်နိုင်သည့် မူဝါဒများ၊ လမ်းညွန်ချက်များကို တိတိကျကျ ဆွေးနွေးရန် လိုအပ်နေသည်။ အစိုးရမဟုတ်သော ကျွမ်းကျင် ပညာရှင်များ၏ အခန်းကဏ္ဍမှာ များစွာလိုအပ်နေသေးသည်။ နောက်နောင်တွင် ပညာရှင်များ ၊ ဌာနေတိုင်းရင်းသားတို့၏ အခန်းကဏ္ဍ ဆွေးနွေးချက်များကိုလည်း ထည့်သွင်းသင့်သည်။

နောက်ဆုံးအချက်အနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် ယခုကဲ့သို့သော ပြပွဲများကိုလည်း ချင်းပြည်နယ်အတွင်း လုပ်ဆောင်သင့်သည်ဟုယူဆပါသည်။ ဓာတ်ပုံရူစားချင်းထက် မြေပြင်အခြေအနေကို မြင်နိုင်စေရန်သော် လည်းကောင်း၊ တဖက်တလမ်းမှ ခရီးသွားလုပ်ငန်းအကောင်အထည်ဖေါ်စေရန်လည်းကောင်း ကြိုးပမ်းသင့်သည်။ ပထမဦးဆုံးပွဲဖြစ်သည့်အတွက် အခက်အခဲများစွာရှိနေသော်လည်း အောင်မြင်ခြင်းအသီးအပွင့်များစွာကိုလည်း လက်တွေ့မြင်နေရပြီ။ ယခုပွဲအပြီးတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ခံရသည့်အပြင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် စာချုပ်များချုပ်ဆိုနိုင်ခြင်းမှာ တန်ဖိုးကြီးလှပါသည်။ ချင်းပြည်နယ် ရင်းနှီးမြုပ်နှံမှုပြ ပွဲ၏ အသီးအပွင့်ကို ချင်းပြည်နယ်အတွင်း မကြာမီ မြင်ရတော့မည့် အပြင် တိုင်းရင်းသားဒေသနှင့်လူမျိုးများအပေါ် အကျိုးဖြစ်ထွန်းမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လုပ်ငန်းဖြစ်၊ မဖြစ်ကို ဆက်လက် စောင့်ကြည့်ရန် လိုအပ်ပါတော့မည်။ တာဝန်ယူမှု၊ တာဝန်ခံမှုလုပ်ငန်းအောင်မြင်လာစေရန်အတွက် ချင်းပြည်နယ်အစိုးရ၊ လုပ်ငန်းရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့်ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ များစွာလိုအပ်ကြောင်း တင်ပြအပ်ပါသည်။

ဆလိုင်းဘွေး( ချင်းမိုင်)ဟာလက်ရှိ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ လူမှုသိပ္ပံဘာသာရပ်နဲ့ ပါရဂူဘွဲ့
သင်ယူလေ့လာနေတဲ့သူတစ်ယောက်ဖြစ်ပြီး “ဌာနေတိုင်းရင်းသားဒေသရှိ သဘာဝအ ခြေပြုခရီးသွားလုပ်ငန်း၊ ရင်းနှီးမြုုပ်နှံမှုနှင့် ရေရှည်တည်တံ့သော ဖွံ ြ့ဖိုးရေး” ခေါင်းစဉ်ဖြစ် စာတမ်းပြုစုနေတဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

UFC 300 မှာထိုးသတ်ကြမယ့် တွဲဆိုင်းအားလုံး ဝိတ်တန်းဝင်၊ အပိုဆုကြေးငွေအဖြစ် ဒေါ်လာ ၃ သိန်းအထိ တိုး မြှင့်ပေးသွားမယ်

၁၃၊ ဧပြီ၊၂၀၂၄ Zalen MMA လောကမှာ အကြီးကျယ်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Ultimate Fighting Championship – UFC အဖွဲ့အ စည်းရဲ့ ပွဲစဉ် ၃၀၀ မြောက်ပြည့်တဲ့ရာပြည့်ပွဲ UFC 300 မှာထိုးသတ်ကြမယ့် ဖိုက်တာတွေအကုန်လုံး ...

ဆက်ဖတ်ရန်